မောင်တော နခခ (၅) ဒုကွပ်ကဲရေးမှူးကျသွားပြီဟု သတင်းထွက်(လေထီးဖြင့် ချပေးတဲ့ လက်နက်နဲ့ စားနပ်ရိက္ခာတွေကို လာကောက်တဲ့ စစ်သားတွေ AA စနိုက်ပါမိပြီး သေဆုံးသူတွေရှိ)

By Narinjara / 2024 November 18

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နခခ(၅)၏ ဒုကွပ်ကဲရေးမှူးကျသွားပြီဖြစ်ကြောင်း စစ်တပ်မိသားစုအသိုင်းအ၀ိုင်းရ သိရှိရသည်။

ထိုသို့ကျသွားကြောင်းကို စစ်လော်ဘီလူမှုကွန်ယက်စာမျက်နှာများပေါ်တွင်လည်း ရေးသားဖော်နေကြသည်။

၎င်းပြင် Y-12လေယာဉ်ပေါ်မှလေထီးဖြင့်ချပေးသည့် လက်နက်နှင့်စားနပ်ရိက္ခာများကိုလာကောက်သည့် စစ်သားများကို AAက စနိုက်ပါဖြင့် ပစ်ခတ်၍ စစ်သားများသေဆုံးမှုများ ရှိနေကြောင်း AA နှင့် နီးစပ်သည့် ဒေသခံစစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

“အခုကြားရတာက နခခ (၅) မှာ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပြတ်နေပြီလို့ကြားရတယ်။ ဒါကြောင့် လေယာဉ်ပေါ်က လေထီးတွေနဲ့ ရိက္ခာ၊ လက်နက်တွေကို အခုရက်ပိုင်းတွေအတွင်း နေ့စဉ်လာချပေးနေရတယ်။ အပြင်ထွက်ကောက်တဲ့သူတွေကို အေအေကစနိုက်ပါနဲ့ ပစ်တော့ သေဆုံးမှုတွေ ရှိနေတယ်လို့ ကြားတယ်” ဟု ပြောသည်။
နခခ(၅) အတွင်းရှိ စစ်ကောင်စီ အောက်ခြေတပ်သားများ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ထွက်ပြေးလျှင် ပစ်သတ်ရန် အထက်က အမိန့်ထုတ်ထားကြောင်း၊ စခန်းထဲတွင် နေထိုင်လျှင်လည်း ရိက္ခာပြတ်ကာ အငတ်ဘေးကျရောက်နေကြောင်း၊ လေထီးဖြင့် ချပေးသောရိက္ခာများကို သွားကောက်လျှင်လည်း အေအေ၏ စနိုက်ပါမိ၍ သေဆုံးမှုများရှိကြောင်း၊ သွားမကောက်လျှင်လည်း စားစရာမရှိကြောင်း၊ ဖုန်းများကိုလည်း သိမ်းထားသဖြင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြကြောင်း ၎င်းက ပြောကြားသည်။

“အခုက နခခ (၅) ကနေ တစ်ယောက်စ နှစ်ယောက်စ ထွက်ပြေးပြီး နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းတွေက ဆရာတော်ကြီးတွေဆီကတစ်ဆင့် အေအေဆီ လက်နက်ချသူတွေရှိနေတယ်။ နခခ (၅) အတွင်း အခြေအနေကို တစ်စွန်းတစ်စ သိရတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

နခခ (၅) တွင် ရိက္ခာနှင့် ခဲယမ်းများပြတ်လပ်နေသဖြင့် လေယာဉ်ပေါ်က လေထီးများဖြင့် နေ့စဉ်လိုလို လချပေးနေရရာ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် လေထီး၂၀ ခန့်ချပေးခဲ့သလို ၁၆ ရက်နေ့မနက်ပိုင်း၌လည်း လေထီးများဖြင့် အထုပ် ၁၇ ထုပ် အထိချပေးခဲ့ကြောင်းမျက်မြင်ဒေသခံများကပြောသည်။

“မနေ့က ညနေမှာ ‌နခခ(၅)ကို Y-12 လေယာဉ်တစ်စီးနဲ့ လေထီးနဲ့အထုပ် ၂၀ လောက်ချပေးနေတာတွေ့ရတယ်။ ဟိုတစ်နေ့ကလည်း ၁၇ ထုတ်ချပေးတာ‌တွေ့ရတယ်။ အလုံးအရေအတွက်တွေကို မြေပြင်ကကြည့်လို့ရေတွက်ကြည့်ကြတာ။ ဒါတောင် ညအချိန်ဆိုအ‌ရေအတွက်ကိုမမြင်ရသေးဘူး” ဟုပြောသည်။

နခခ(၅)တွင်လက်နက်နှင့်စားနပ်ရိက္ခာများပြတ်တောက်နေ၍နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ နေ့များတွင် ညအချိန်၌ပါ လေထီများဖြင့် လက်နက်နှင့် စားနပ်ရိက္ခာများ ချပေးခဲ့သည်ဟုဆိုသည်။

နောက်ထပ်မျက်မြင်ဒေသခံတစ်ဦးက “Y-12 လေယာဉ်က နခခ(၅)တပ်ရင်းအတွင်းကို လက်နက်နဲ့ စားနပ် ရိက္ခာတွေ ချပေးတဲ့အခါ အေအေက စနိုင်ဘာတွေနဲ့ လိုက်ပစ်တယ်။ လေယာဉ်ကိုစက်သေနတ်တွေနဲ့လိုက်ပစ်တယ်။ Y-12က မြေပြင်အနိမ့်က ပျံသန်းပြီး လေထီးနဲ့ အထုပ် တွေမချပေးဝံ့ကြ‌တော့ဘူး။ အမြင့်ကနေချပေးနေရတော့ချ‌ပေးတဲ့ လေထီးထုပ်တွေက နခခ(၅)အတွင်းကိုအားလုံးမကျနိုင်တော့ဘူး။ အပြင်ကိုကျတဲ့ လေထီးထုပ်တွေကိုလည်း AA စနိုက်ပါသမားတွေပစ်မှာ ကြောက်လို့ ထွက်မယူလာရဲကြတော့ဘူး” ဟုပြောဆိုသည်။

အာရက္ခတပ်တော်မှမောင်တောမြို့မှတစ်ခုတည်း လက်ကျန်စခန်း နခခ(၅)ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ ဌာနချုပ်မှာ မြေပြန့် ကွင်းပြင်တွင်တည်ရှိပြီး ခြံစည်းရိုးသုံးထပ်ကာရန်ထားပြီး လေယာဉ်များဖြင့်လည်း အကြီးအကျယ် ဝေဟင်ကနေ ခုခံ တိုက်ခိုက်နေသဖြင့် သိမ်းပိုက်ရန် ကြန့်ကြာနေသည်ဟု သိရသည်။

လက်ရှိတွင် နခခ(၅) ၏ ခြံစည်းရိုးများမှာ ပွင့်ထွက်သွားပြီဖြစ်ကာ အင်အားများလည်းတစ်ဖြည်းဖြည်း လျော့နည်းပါးသွာပြီ ဖြစ်သဖြင့် များမကြာမီ ကျသွားနိုင်ဖွယ်ရှိနေသည်ဟု စစ်ရေးလေ့လာနေသူများက သုံးသပ်ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/985072873659842

Leave a Reply

Your email address will not be published.