By Narinjara / 2024 November 10
အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်နေသည့် နယ်စပ်မြို့မောင်တောရှိလက်ကျန်နခခ(၅) နယ်ခြားစောင့်စခန်းကို စစ်ကောင်စီက လေကြောင်းကို အဓိက အသုံးပြုပြီး ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။
“တစ်နေ့ တစ်နေ့ကို လေယာဉ်တွေနဲ့ လေးငါးကြိမ်လာပြီး ဗုံးကြဲတယ်။ ဂျက်တိုက်လေယာဉ်တွေရော၊ Y-12 ဗုံးကြဲလေယာဉ်တွေရော၊လေယာဉ်မျိုးစုံလာတယ်။နယ်စပ်မြို့ မောင်တောကို လုံး၀ လက်လွှတ် မပေးချင်ပုံရတယ်။ အသည်းအသန်ကို ခုခံကာကွယ်နေတာ”ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
မောင်တော နခခ(၅) နယ်ခြားစောင့်ဌာနချုပ်အား အာရက္ခတပ်တော် (AA) မှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီလေတပ်ကနေဗုံးလာကြဲနေသဖြင့် စခန်းထဲထိ ထိုးဖောက် ဝင်ရောက်ရန် ခက်ခဲနေသည်ဟု ဆိုသည်။
စစ်ကောင်စီလေတပ်သည်နခခ(၅)အနီးဝန်းကျင်အပါအဝင် လူနေကျေးရွာများကိုပါ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲချကာ စက်သေနတ်များဖြင့်လည်းလှည့်လည်ကာ ပစ်ခတ်မူများပြုလုပ်သည်ဟုပြောဆိုသည်။
နိုဝင်ဘာလ၉ ရက်နံနက်အစောကြီး ညအချိန် ၁ နာရီကျော်တွင်လည်းစစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၁ စီးမှအာရက္ခတပ် တော် AA ထိုးစစ်ဆင်နေတဲ့ နခခ(၅)အနီးအား ဗုံးကြဲခဲ့ပြီး Y-12 လေယာဉ်တစ်စီးမှလည်းလက်နက်နှင့် စားနပ်ရိက္ခာများအားမနက်အာရုဏ်အချိန်အထိချပေးခဲ့ကြကြောင်းဒေသခံများကပြောသည်။
“နခခ(၅)ဖက်အနီးဝန်းကျင်ကို မနေက ညသန်ခေါင်ကျော်မှာ ဂျက်တိုက်လေယာဥ်တစ်စီးနဲ့ ဗုံးကြဲချတယ်။ Y-12ကနေ လေထီး တွေနဲ့ လက်နက်နဲ့စားနပ်ရိက္ခာတွေထပ်ပြီးချပေးတယ်လို့သိရတယ်” ဟုပြောသည်။
မောင်တောမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအသံများကို နတ်မြစ်တစ်ဘက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ်ကပင် ကြားနေရသည်ဟု ဘင်္ဂလားမီဒီယာများတွင် ရေးသားဖော်ပြကြသည်။
https://www.facebook.com/narinjara.info/posts/978506670983129