By Narinjara / 2024 November 11
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ဆန်စျေးနူန်းများ စျေးတင်မရောင်းရန် အာရက္ခတပ်တော် (AA)က ညွှန်ကြားထားကြောင်းသတင်းရရှိသည်။
ယင်းသို့ ညွှန်ကြားထားသည့်အတွက်ဒေသခံများ ဝယ်ယူစားသောက်ရာတွင် အဆင်ပြေကြသည်ဟု မောင်တောမြို့နယ်၊ကျောက်လှေကား(မွတ်ဆလင်) ကျေးရွာမှ အမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။
“စစ်ရေးကာလမှာ ဝိသမလောဘစိတ်ဝင်ပြီးစီးပွားရေးအမြတ်မထုတ်ဖို့ အာရက္ခတပ်တော်က ညွှန်ကြားထားတယ်။ အရင်ကဆိုစားဝတ်နေရေးကျပ်တည်းလို့ တောင်းစားတဲ့သူတွေရှိတယ်။ အာရက္ခတပ်တော်ကစျေးနှုန်းထိန်းချုပ်ပြီးနောက်ပိုင်းမှာ တောင်းစားတာတွေ လျော့သွားတယ်” ဟု ပြောသည်။
ရိုးရိုးဆန်တစ်အိတ်ကို ငွေကျပ်ရှစ်သောင်းခွဲအထိသတ်မှတ်ထားပြီး ပေါ်ဆန်းမွှေးတစ်အိတ်ကို ငွေကျပ်တစ်သိန်းမှ တစ်သိန်းတစ်သောင်းအထိသာ ရောင်းချကြရန် သတ်မှတ်ထားကြောင်းသိရသည်။
တစ်အိတ်လျှင်ကျပ်တစ်သိန်းထက်တင်ရောင်းလိုပါက AA ထံတိုင်ကြားရမည်ဟုညွှန်ကြားထားကြောင်းလည်း မောင်တောမြို့၊ ကညင်တောရပ်ကွက်မှ အမျိုးသားတစ်ဦးကနိရဥ္စရာကို ပြောသည်။
“မိသားစုစားဝတ်နေရေးအဆင်မပြေတာတွေရှိပေမယ့် ဆန်စျေးနှုန်း စျေးအရမ်းမကြီးတော့ သက်သာတယ်လို့ပြောရမှာ။ အခုလို စျေးနှုန်းသတ်မှတ်နိုင်တဲ့အပေါ် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်တွင်ဒေသတွင်းစားသုံးနိုင်ရန် တိုက်ပွဲကြားမှ စပါးများစိုက်ပျိုးနိုင်ခဲ့သလိုကျောက်တော်နှင့် မြောက်ဦးဘက်ကလည်း ဆန်များဝင်ရောက်လျက်ရှိသည်ဟု သိရသည်။
ဆီ၊ ဆား၊ ငရုတ်သီးခြောက်စသည့်အခြေခံစားသောက်ကုန်များကို နယ်စပ်မှတစ်ဆင့် တင်သွင်းသဖြင့်ကုန်စျေးနှုန်းသက်သာကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တစ်ခုလုံးတွင် မွတ်ဆလင်၊ မြို၊ သက်နှင့် ရခိုင်လူမျိုး စစ်ဘေးရှောင် သိန်းနှင့်ချီရှိနေကြောင်း သိရသည်။
လက်ရှိမောင်တောမြို့အနီးတွင် နခခ(၅) နယ်ခြားစောင့်တပ်ရင်းနှင့် AA တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
https://www.facebook.com/narinjara.info/posts/979594994207630