မောင်တောနခခ(၅)မှာ အောက်ခြေရဲဘော်တွေရဲ့ ဖုန်းတွေကို သိမ်းထားတဲ့အတွက် အဆက်အသွယ်မရရာမှ မိသားစုတွေစိုးရိမ်

By Narinjara / 2024 November 01

အာရက္ခတပ်တော်( AA)ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသည့် မောင်တောအခြေစိုက် နခခ(၅) တွင် အောက်ခြေရဲဘော်များ၏ဖုန်းများကို သိမ်းထားသဖြင့် အဆက်အသွယ်ပြတ်နေ၍စိုးရိမ်နေရကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။

“ မောင်တော နခခ၅ လူကြီးတွေက ရဲဘော်တွေရဲ့ ဖုန်းတွေသိမ်းထားတာ တစ်လကျော်နေပါပြီ။ မိသားစုနဲ့ ဆက်သွယ်ခွင့်တွေမရတော့ပါဘူး။ မိသားစုတွေ အရမ်းစိတ်ပူနေ၇ပါတယ်”ဟု သူမက ပြောကြားသည်။

ယခင်ကဆိုလျှင် တိုက်ပွဲဖြစ်ပွားနေသော်လည်း ဖုန်းအဆက်အသွယ်ရ၍အထိုက်အလျောက် စိတ်ချမ်းသာမှုရရှိခဲ့ကြောင်း၊ လက်ရှိတွင် အဆက်အသွယ်မရတော့၍ နေ့တိုင်းစိတ်ပူပင်နေ၇သည်ဟု ဆိုသည်။

“ ဖုန်းတွေသိမ်းထားတော့ နခခ ရဲဘော်တွေ ဘာဖြစ်နေလဲ။ ဘယ်လိုအခြေအနေရှိလဲ။ မိသားစုက မသိရပါဘူး။ ဖုန်းတွေပြန်ဖွင့်ပေးစေချင်ပါတယ်။ အထက်လူကြီးတွေ မိသားစုတွေကိုကိုယ်ချင်းစာစေချင်ပါတယ်။ ဒီကလူတွေ ဘယ်လို ခံစားနေ၇တယ်ဆိုတာ”ဟု သူမက ပြောသည်။

၎င်းပြင် နခခ(၅) တွင် စစ်ကောင်စီ၏ စစ်သည်ရဲဘော်အများအပြားမှာတိုက်ပွဲကြာလာသည်နှင့်အမျှ စိတ်ဓာတ်လည်း ကျဆင်းနေကြကြောင်း၊ ထွက်ပြေးသူများကို အသေပစ်သတ်ရန်စခန်းတာဝန်ခံ သူရိန်ထွန်းက အမိန့်ပေးထားကြောင်း၊ အောက်ခြေရဲဘော်များမှာ ငတ်တစ်လှည့်ပြတ်တစ်လှည့်ဖြင့် ဘန်ကာများထဲတွင် လနှင့်ချီနေထိုင်နေရကာ အခက်အခဲများဖြင့် ကြုံတွေ့နေကြရကြောင်းသိရှိ၇သည်။

နခခ( ၅) တိုက်ပွဲမှာ အောက်တိုဘာလ ၂၈ ရက်တ စ်ညလုံးနှင့်၂၉ ရက်နေ့ နံနက်အရုဏ်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု သိ၇သည်။

“မနေ့ကတစ်ညလုံးနဲ့တစ်ရက်လုံး နခခ(၅)ကို လက်နက်ကြီးနဲ့ အေအေက ဆက်တိုက် ပစ်ပြီး တိုက်ခိုက်နေတယ်။မနက်အရုဏ် ၃ နာရီမှာ Y-12″နဲ့ဗုံးလာကြဲတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မောင်တောမြို့တွင် တစ်ခုတည်းသော လက်ကျန်စစ်စခန်း နခခ (၅)နယ်ခြားစောင့် ဌာနချုပ်အား AAက ဝိုင်းဝန်းပိတ်ဆို့ကာ အပြင်းအထန် တိုက်ခိုက်နေသည်မှာ လနှင့်ချီကြာမြင့်လာနေပြီးစစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းကပါ ဝင်ရောက်စစ်ကူ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရှိ၇သည်။

https://www.facebook.com/narinjara.info/posts/971549531678843

Leave a Reply

Your email address will not be published.