ဘူးသီးတောင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ(ဆရာတော်တစ်ပါးအပါအဝင် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာရ)

By DMG / 2024 November 10

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ကို ယနေ့ (နိုဝင်ဘာ ၁၀ ရက်)၊ နံနက် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ဘေးရှောင်များနေထိုင်နေသော မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ် (၂) ရပ်ကွက်ရှိ လမ်းမဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒဏ်ရာရသွားခြင်းဖြစ်သည်။
“ မြစိမ်းရောင်ကျောင်းနဲ့ လမ်းမကျောင်းကို ဗုံးကြဲသွားတာက သိပ်မကွာဘူး။ မိနစ်ပိုင်းလောက်ပဲ ကွာတယ်။ ဗုံးကြဲခံရလို့ ဆရာတော်တစ်ပါးနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ ဒဏ်ရာရသွားတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဗုံးကြဲခံရမှုကြောင့် မြစိမ်းရောင်ကျောင်းမှ အရှင်ဦးဇဝန သက်တော် (၆၂) နှစ်၊ ဟိန္ဒူလူမျိုး ဦးဖော်တီ (၄၅) နှစ်နှင့် သားဖြစ်သူ မောင်မိုးခန့် (၁၁) နှစ်အပါအဝင် လမ်းမကျောင်းမှ ဒေါ်ချစ်စုမ (၄၂) နှစ်နှင့် ကိုအောင်သူ (၃၁) နှစ် တို့မှာ ဒဏ်ရာရရှိသွားသည်။
ယင်းအထဲမှ ဆရာတော်တစ်ပါးအဝင် ဟိန္ဒူသားဖနှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသွားသူများမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဗုံးကြဲခံရမှုကြောင့် မြစိမ်းရောင်ကျောင်းနှင့် လမ်းမကျောင်းရှိ ဓမ္မာရုံတို့မှာလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ တစ်ရက်တည်းတွင် သံတွဲမြို့ကိုလည်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသလို တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကိုလည်း ဗုံးကြဲမှုကြောင့် နေအိမ်အချို့နှင့် စာသင်ကျောင်းဆောင်အချို့ ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီသည် အရပ်သားနေထိုင်သည့် မြို့၊ရွာများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မှတ်ပစ်ထားတိုက်ခိုက်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။
ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက “ အခုနောက်ပိုင်းမှာ စစ်ကောင်စီက အရပ်သားကို ပိုပြီးပစ်မှတ်ထား တိုက်ခိုက်လာတာကို မြင်တွေ့ရတယ်။ စစ်ရှံးမဲ မဲပြီး မြင်ရာကို ရန်သူလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်နေတာ။ ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်” ဟု ပြောသည်။

https://www.facebook.com/dmgnewsagency/posts/960256569481273

Leave a Reply

Your email address will not be published.