ဘင်္ဂလားဒေ့ရှ် ရေလုပ်သားကို ပစ်ခတ်ခဲ့ခြင်းမရှိဟု စစ်ကောင်စီပြော

By DMG / 2024 November 30

နတ်မြစ်အနီးတွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ – Bangla Tribune

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် ကော့ဘဇားခရိုင် စိန့်မာတင် ကျွန်းအနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သားတစ်ဦးကို ရေတပ်မှ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လာသည်။

စိန့်မာတင်ကျွန်းအနီးတွင် နိုဝင်ဘာ ၂၇ ရက်က စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနတွင် နိုဝင်ဘာ ၂၈ ရက်က ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ငြင်းဆိုလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီ ရေတပ်သည် စိန့်မာတင်ကျွန်းအနီးတွင် မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်သာ စစ်တွေဘက်မှ ရေနှင့် ရိက္ခာဖြည့်ပြီး ပြန်လာသည့် စစ်ရေယာဉ် တစ်စင်းသာ မြင်းလွှတ်ရွာ၏ အနောက်တောင်ဘက် ငါးမိုင်အကွာတွင် ရောက်ရှိခဲ့သည့် ဖြစ်စဉ်တစ်ခုသာ ရှိခဲ့သည်ဟု ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ပစ်ခတ်ခံရမှု ဖြစ်စဉ်သည် နှစ်နိုင်ငံနယ်ခြားစောင့် တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်သော်လည်း မီဒီယာများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေရန် လုပ်နေခြင်းဖြစ်ပြီး နယ်စပ်ဒေသ ဆက်ဆံရေးကိုလည်း သတိပြုဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဆိုသည်။

Dhaka Tribune သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် ဖော်ပြချက်တွင် စိန့်မာတင်ကျွန်းအနီး စစ်ကောင်စီရေတပ်မှ ပစ်ခတ်ခြင်းကြောင့် အသက် (၄၀) အရွယ် တံငါသည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက် အားကိုးကားထားကြောင်း ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အရာရှိကလည်း မြန်မာရေတပ်မှ တံငါသည်အား မှားယွင်းစွာ ပစ်ခတ်ခဲ့ကြောင်း Dhaka Tribune သတင်းတွင် အတည်ပြုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း မြန်မာရေပိုင်နက်အတွင်းသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်း စက်လှေများကို စစ်ကောင်စီရေတပ်မှ ပစ်ခတ်ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဆယ်ကျော် ဖမ်းဆီးခံခဲ့ရကာ အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွတ်ရှုတ်ချထားသည်။

https://www.facebook.com/dmgnewsagency/posts/974226764750920

Leave a Reply

Your email address will not be published.