By Narinjara / 2024 November 06
အာရက္ခတပ်တော် (AA)၏ တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးအား ငါးဖမ်းလှေ ၁၅ စီးနှင့် အတူ နတ်မြစ်အတွင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒက်ကာအခြေစိုက် Dhaka Tribune ကနိုဝင်ဘာ ၅ ရက်နေ့က သတင်းရေးသားဖော်ပြသည်။
ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် ဆားပြင် (Subrang)တိုက်နယ်အဖွဲ့ဝင် အဘ်ဒူချ် ဆလမ် (Abdus Salam) က ၎င်းဖမ်းဆီးခေါ်ဆောင်မှုသည် နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်ဆုံရာ အနီးရှိ နှာခေါင်းတို (Naikhongdia) ဧရိယာတွင် အင်္ဂါနေ့ညနေ ၅ နာရီက ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
၎င်းငါးဖမ်းသမားများသည် ငါးဖမ်းစက်လှေ ၂ စီး၊ စက်မပါသော လှေ ၁၃ စီးဖြင့် အဆိုပါ မြစ်၀ပေါ်တွင် ငါးဖမ်းနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။ ၎င်းလှေငယ် တစ်စီးစီပေါ်တွင် ငါးဖမ်းသမား တစ်ဦးကနေ နှစ်ဦးထိလိုက်ပါပြီး ငါးဖမ်းပိုက်ငယ်များဖြင့် ငါးဖမ်းနေကြသည်ဟု ဆိုသည်။
AA တပ်ဖွဲ့ဝင်များသည်စက်လှေကြီးများဖြင့်၎င်းနေရာသို့ ရောက်လာပြီး ငါးဖမ်းသမားများကို သေနတ်ဖြင့် ချိန်ရွယ်ကာဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
တံငါသည်အားလုံးသည် Teknaf မြို့နယ်၊ Shapuree ကျွန်းရှိဂျာလီယာပါရာ (Jaliapara) ဧရိယာမှဖြစ်ကြသည်ဟုဆိုသည်။
သို့သော်လည်း ဖမ်းဆီးခေါ်ဆောင်ခံရသူများအားလုံး၏ အမည်များကို ဒေသဆိုင်ရာ ဘင်္ဂလာတာဝန်ရှိသူက အတည်မပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။
တက်ကနက်မြို့နယ်အရာရှိ (UNO) Md Adnan Chowdhury က အဆိုပါကိစ္စကို ဒေသအတွင်းကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အခြားသူများထံ တင်ပြခဲ့ပြီး သက်ဆိုင်ရာ အဆင့်မြင့်အာဏာပိုင်များထံကိုလည်းအကြောင်းကြားထားကြောင်း ပြောကြားခဲ့သည်။
https://www.facebook.com/narinjara.info/posts/975251991308597