By Narinjara / 2024 November 30
ကောင်ကင်တွေပြာမှိုင်းနေတဲ့ နေရောင်မမြင်ရတဲ့ ဆောင်းဦးရဲ့ ညနေခင်းလေးမှာ မနွေးနု တစ်ယောက် စက်ရုံကနေ သူငယ်ချင်းတွေနဲ့အတူ အလုပ်ဆင်းလာခဲ့ပါတယ်။ လှိုင်သာယာ ကားမှတ်တိုင်ကနေဆင်းပြီး မြေသား လမ်းပေါ်ကနေ ဖြတ်လျှောက်ကာ အဆောင်ဘက်ကို တစ်လှမ်းချင်း လှမ်းလာခဲ့ပါတယ်။ သူမရဲ့ ရှေ့ကသွားနေတဲ့ လူအုပ်နောက်က တစ်ယောက်တည်း ဆောင်းရနံ့လေးကို ထိတွေ့ခံစားရင်း ခပ်ခွာခွာနေရာကနေ လိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာဘဲ ဖုန်းအသံလေး မြည်လာပါတယ်။ မနွေးနု ဖုန်းကိုင်လိုက်တော့ တစ်ဖက်က ပြောဆိုလာတဲ့ အမေရဲ့ အသံကြောင့် ဆောက်တည်ရာ မရဖြစ်သွားခဲ့ရပါတယ်။ အမေရဲ့ ငိုသံလေးတွေနဲ့ ထွက်လာတဲ့ စကားသံတွေကြောင့် မနွေးနု တစ်ယောက် ဘယ်လိုမှ ခြေလှမ်းတွေကို ရှေ့ဆက်လို့မရတော့ နီးစပ်ရာနေရာတစ်ခုမှာဘဲ ဖြစ်သလို ဝင်ထိုင်ချလိုက်ပြီး ဖုန်းထဲက အမေရဲ့ ငိုရှိုက်သံနဲ့အတူ ပြောဆိုလာတဲ့ စကားသံကိုနားထောင်နေလိုက်ပါတော့တယ်။
အစ်ကို ကိုရင်ဂိုနဲ့ ညီမလေး ပပအေးခင်တို့ဆုံ ဗုံးထိပြီး ဆုံးသွားပြီတဲ့။ ပီးရင် ဝမ်းကွဲညီမတွေဖြစ်ကြတဲ့ မဒေစီမြင့်ရယ်၊ အစ်မရွှေရည်ဝင်းဝါ အတူသေတဲ့ အထဲပါသွားတယ်တဲ့။ အဖေခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရသွားတယ်တဲ့။ အခုအဖေကို ဆေးကုဖို့ နေရာတစ်ခုကို ယူသွားပြီတဲ့။ အမေရဲ့ ရှိုက်ကြီးငင်ကြီး ငိုသံနဲ့ စကားအဆုံးမှာတော့ မနွေးနု တစ်ယောက် ဘယ်လို မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးငင်ကာ ငိုချလိုက်ပါတော့။ အမေရဲ့ စကားသံဟာလည်း ငိုရှိုက်သံတွေနဲ့အတူ ခဏာတာလေးမှာဘဲ ရပ်သွားပါတော့တယ်။ ဖုန်းပြန်ခေါ်ပေမယ့် ဖုန်းက ပြန်ခေါ်လို့မရတော့ပါဘူး။ အခုတော့ ညီမရယ်၊ အစ်ကိုရယ်၊ ဝမ်းကွဲညီမနှစ်ဦးရယ် သေဆုံးသွားပြီတဲ့။ ရက်စက်လိုက်တဲ့ကံကြမ္မာရယ်။ ငါတို့ မောင်နှမတွေကိုမှ အချိန်မတိုင်မီ ခုလို ရွေးပြီး သေကွဲခွဲရလေသလားကံကြမ္မာရယ်။
အဲဒီနေ့က အဆောင်ကို ပြန်ရောက်တော့ မနွေးနုတစ်ယောက် ဘယ်လိုမှ စိတ်ကို မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုချပြီး အိပ်ရာထဲ လှဲချလိုက်ပါတော့တယ်။ အဲဒီနေ့ဟာ မှတ်မှတ်ရရ နိုဝင်ဘာ ၁၉ ရက်ညနေခင်း။ သူမရဲ့မွေးရပ်ရွာဗုံးကြဲခံရတာက နိုဝင်ဘာ ၁၉ ရက်မနက်ပိုင်း။ ဖုန်းအခက်ခဲတွေကြောင့် ဒီသတင်းကို ညနေပိုင်းမှ သူ့အမေဆီကို ဖုန်းကို သူမ လက်ခံရရှိခဲ့တာပါ။ တစ်ညလုံး တစ်ယောက်တည်း ကြိတ်မှိတ်ငိုခဲ့ရတဲ့ည။
“ ကျွန်မအရမ်းခံစားရတယ်။ ဘယ်လိုမှ ဖြေလို့မရဘူး။ ကျွန်မရဲ့ အချစ်ရဆုံးအစ်ကို၊ အချစ်ရဆုံး ညီမလေးဆုံးသွားပြီ။ ဒါဟုတ်မှဟုတ်ပါရဲ့လား။ အစ ကျွန်မ လုံး၀မယုံသလို ဘယ်လိုမှ မခံစားနိုင်ဘူး။ နောက်သတင်းဌာနတွေမှာ သတင်းတွေတက်လာတော့ ဒါဟာ တကယ်ဖြစ်ပျက်သွားခဲ့တာပါလားလို့ ကျွန်မလက်ခံလိုက်ရပါတယ်။ အရမ်းကို ဝမ်းနည်းရပါတယ်”လို့ မနွေးနုက ရင်ဖွင့်ပြောဆိုလာပါတယ်။
မနွေးနုဟာ ချင်းတိုင်းရင်းသူလေးတစ်ဦးဖြစ်ပါတယ်။ ချင်းတိုင်းရင်းသူဖြစ်ပေမယ့် ချင်းပြည်နယ်မှာ မွေးဖွားခဲ့သူ တစ်ဦးတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် သင်ချီကိုင်းကျေးရွာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာဘွဲ့ရထားပေမယ့် ရခိုင်မှာ အလုပ်အကိုင်ရှားပါးတာကြောင့် မိသားစုတွေကို ခွဲခွာပြီး ရန်ကုန်မြို့မှာအလုပ် လုပ်နေသူဖြစ်ပါတယ်။ မိဖတွေကတော့ ကျေးလက်တောရွာသဘာ၀အတိုင်း လယ်ယာစိုက်ပျိုးကြပါတယ်။ မနွေးနုမှာ အဖေရယ်၊ အမေရယ်၊ ညီအစ်ကို မောင်နှမ လေးဦးရှိပါတယ်။ အစ်ကို အကြီးဆုံးရယ်၊ သူ့အထက် အစ်ကိုအလတ်ရယ်၊ သူမနဲ့ သူမရဲ့ အောက်ညီမလေးတို့ဖြစ်ကြပါတယ်။
သူမမွေးဖွားရာ သင်ချီကိုင်း ကျေးရွာဟာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ချင်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ဒီကျေးရွာဟာ ရိုးသားတဲ့ သာမာန် ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ဘယ်နိုင်ငံရေး၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှလည်း ပတ်သက်တဲ့ ကျေးရွာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီကျေးရွာကို စစ်ကောင်စီလေတပ်က နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ လေယာဉ်တွေနဲ့ ဗုံးကြဲချခဲ့ပါတယ်။
အဲသလို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် မနွေးနုရဲ့ အချစ်ဆုံး ညီမငယ် မပပအေးခင်( ၁၃) နှစ်နဲ့ သူမရဲ့ အစ်ကို ကိုရင်ကို(၂၉) နှစ်၊ ညီမဝမ်းကွဲတွေဖြစ်ကြတဲ့ မဒေစီမြင့်( ၁၄ )နှစ်နဲ့ မရွှေရီဝင်းဝါ(၂၅) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ဗုံးဒဏ်ဟာ ပြင်းထန်လွန်းတဲ့အတွက် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေဟာ တစ်စစီဖြစ်သွားခဲ့ရတယ်လို့ မနွေးနုက ပြောဆိုပါတယ်။
သူမရဲ့အဖေ ဦးတင်အေး (၇၃ နှစ်)နဲ့အတူ မနီလာထွေး(၂၅နှစ်)၊ဦးဘချစ်(၇၆ )နှစ် ဦးဇင်ကိုဦး(၃၃) နှစ်တို့လည်း ဒဏ်ရာအသီးသီး ရရှိသွားခဲ့ပါတယ်။
“ကျွန်မတို့မှာ အဖေအရယ်၊ အမေရယ်နဲ့ ညီအစ်ကိုမောင်နှမ လေးယောက်ရှိပါတယ်။ အစ်ကို ရဲဘ၀နဲ့ မန္တလေးမှာ အမှုထမ်းနေတုန်း PDFနဲ့ဖြစ်သွားတဲ့ ပထမဆုံး တိုက်ပွဲ သေဆုံးသွားခဲ့ရပါတယ်။ အခုတစ်ခါ အစ်ကိုနဲ့ ညီမငယ်လေး ဗုံးကြဲခံရလို့ ထပ်သေဆုံးခဲ့ရပြန်တယ်။ အခုကျွန်မတစ်ယောက်တည်း။ အဖေနဲ့ အမေ ဘယ်လို ခံစားရမလဲ။ တစ်နှစ်အတွင်း သားသမီး ၃ ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အဖေနဲ့ အမေ ဘယ်လို ရင်ကွဲနေကြမလဲ။ ကျွန်မ စဉ်းစားလို့ မရတော့ပါဘူးလို့” သူမက ဆက်လက်ပြောဆိုပါတယ်။
အခုလို အစ်ကိုရယ်၊ ညီမရယ် သေဆုံးခဲ့ရသလို အဖေလည်း ဒဏ်ရာရသွားတဲ့အတွက် မနွေးနုအနေနဲ့ တောင်ကုတ်ကို ချက်ချင်းပြန်ချင်ပေမယ့် ပြန်ခွင့်မရတာကလည်း သူမကို ပိုပြီး ထိခိုက် ခံစားစေခဲ့ရတယ်လို့ ဆိုပါတယ်။
“ ကျွန်မ ချက်ချင်းတောင်ကုတ်ကိုပြန်ချင်တယ်။ ကျွန်မရဲ့စိတ်က တစ်ချိန်လုံး အိမ်ကို ပြန်ရောက်နေခဲ့တယ်။ ဒီအချိန်မှာ အဖေနဲ့ အမေရဲ့ အနီးမှာ ကျွန်မရှိနေသင့်တယ်။ ဒါကြောင့် ကျွန်မရွာကို ပြန်ချင်တယ်။ ဒါပေမယ့် ဘယ်လိုမှ ပြန်လို့မရဘူး။ ကားလမ်းတွေအကုန်လုံးပိတ်ထားတယ်။ တောင်ကုတ်ဆိုတာက ကားလမ်းဘဲရှိတယ်လေ။ ကျွန်မ ဘယ်လိုမှ ပြန်လို့ မရခဲ့ဘူး။ ဒါကလည်း ကျွန်မစိတ်ကို အရမ်းကို ထိခိုက်စေခဲ့ပါတယ်။”
ရခိုင်က ကားလမ်းတွေကို တိုက်ပွဲဖြစ်ပွားလာပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက ပိတ်ထားလိုက်တဲ့အတွက် ရန်ကုန်အပါအဝင် ပြည်မနဲ့ ရခိုင် လမ်းပန်းဆက်သွယ်ရေးဟာ ပြတ်တောက်ကုန်ပါတယ်။ စစ်တွေနဲ့ ကျောက်ဖြူ လေကြောင်းလိုင်းတစ်ခုမှအပ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားလိုက်ပါတယ်။ လေကြောင်းလိုင်းဖွင့်ထားပေမယ့်လည်း လူတိုင်းလွတ်လပ်စွာသွားလာခွင့်ရတာတော့မဟုတ်ပါဘူး။ ရခိုင်က ၁၁ မျဉ်းစောင်း မှတ်ပုံတင်ဆိုတာနဲ့ မထင်ရင် မထင်သလို ဆွဲဖမ်းနေတဲ့အတွက် ဘယ်သူမှလည်း လေယာဉ်နဲ့ ခရီးမသွားရဲပါဘူး။
တောင်ကုတ်ဆိုတာကလည်း လေယာဉ်ကွင်းရှိတဲ့ မြို့လည်း မဟုတ်ပါဘူး။ အရင်ကတော့ သံတွဲလေယာဉ်ကွင်းကနေ တစ်ဆင့် ကားနဲ့ သွားရင်တော့ တောင်ကုတ်ကို သွားလို့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ သံတွဲလေဆိပ် အပါအဝင် သံတွဲတစ်မြို့လုံကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တဲ့အတွက် အခုအဲဒီလမ်းကလည်း သွားလာလို့ မရတော့ပါဘူး။
တောင်ကုတ်မြို့ဟာ ရိုးမအနောက် တောင်ခြေရင်းမှာတည်ရှိတဲ့ ခရိုင်မြို့လေးတစ်မြို့ဖြစ်ပြီး ကုန်းလမ်းတစ်ခုတည်းကိုဘဲ အဓိက အားကိုးအားထားပြုနေရတဲ့ မြို့တစ်မြို့ပါ။ အခုလို ကားလမ်းကို ပိတ်ထားတဲ့အတွက် အစ်ကိုရယ် ညီမရယ် သေတာတောင် မနွေးနု အနေနဲ့ ကိုယ့်မွေးရပ်မြေ မိသားစုရှိရာကို ပြန်လို့ မရခဲ့ပါဘူး။
” အစ်ကိုရယ်၊ ညီမရယ်သေတာတောင် ကျွန်မတောင်ကုတ်ကို ပြန်ခွင့်မရခဲ့ဘူး။ ဘယ်လိုမှ ကျွန်မခံစားလို့ မရဘူး။ ကျွန်မ အဖေလည်း ဒဏ်ရာရထားတော့ အဖေနဲ့ အမေကို ရန်ကုန်ကို ဆေးဝါးကုသဖို့ ခေါ်ချင်ရင်လည်း ခေါ်ခွင့်မရဘူး။ ဖုန်းထဲကနေ စကားပြောမယ်ဆိုရင် ဖုန်းလိုင်းတွေပိတ်ထားတဲ့အတွက် အဆင်မပြေနေဘူး။ အဖေဘယ်လို ရှိနေတယ်ဆိုတာ ကျွန်မသိချင်ပေမယ့် သိခွင့်မရဘူး။ ကျွန်မအနေနဲ့ ဒီလောက်ဆိုးရွားတဲ့ ဘ၀ အခြေအနေမျိုး ဘယ်တုန်းကမှ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။”
မနွေးနုတွေးသလို ဘာဘဲ၊ ဘယ်သူကမှ ဒီလို အခြေအနေမျိုးထိ ရောက်လာလိမ့်မယ်လို့ တွေးထားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုးဝါးလှတဲ့ စစ်ကောင်စီရဲ့ လွှဲမှားတဲ့ စီမံခန့်ခွဲမှုအောက်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေအနေနဲ့ ဓားစာခံနေကြရတာပါ။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်မှာဖြစ်တဲ့ စစ်ပွဲတွေကို အကြောင်းပြပြီး ကုန်းလမ်း၊ ရေလမ်းအကုန်လုံးကို ပိတ်ဆို့ထားပြီး ဆက်သွယ်ရေး လမ်းတွေကိုပါ ဖြတ်တောက်ထားပါတယ်။ ဒီလို ပိတ်ဆို့မှုက စစ်ရေးကြောင့် ပြောဆိုပေမယ့် ဒီဒဏ်ကို ပြည်သူတွေကဘဲ အဓိက ခံစားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။
“ တိုက်ပွဲဖြစ်တာနဲ့ လမ်းတွေကို ပိတ်တယ်။ ကုန်စည်တွေ သယ်ယူခွင့်တွေပိတ်ထားတယ်။ ဒီဒဏ်ကို ခံစားရတာက အပြစ်မဲ့ပြည်သူတွေပါ။ ပြည်သူတွေမှာ ဘာအပြစ်ရှိလို့လဲ။ တိုင်းပြည်ကို တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ နစ်နာမှုကို အဓိက ရှေ့ရှု စဉ်းစားသင့်တယ်လို့ ကျွန်မမြင်မိပါတယ်။”
စစ်ကောင်စီရဲ့ လမ်းတွေပိတ်ဆို့ဖြတ်တောက်တာတွေ၊ စားသုံးကုန် အပါအဝင် ရိက္ခာတွေကို သယ်ယူခွင့်ပိတ်ပင်တာ၊ ဆေးဝါးတွေကို ရောင်းချခွင့် သယ်ယူခွင့်ပိတ်ပင်တာတွေဟာ အာရက္ခတပ်တော် (AA)ကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အပြစ်မဲ့တဲ့ပြည်သူတွေကိုသာထိခိုက်ခဲ့တယ်လို့ သူမက ပြောဆိုပါတယ်။
ရခိုင်ဒေသဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အရမ်း နိမ့်ကျတဲ့ ဒေသဖြစ်ပြီး လက်ရှိ အချိန် စက်ရုံ အလုပ်ရုံ တစ်ခုမှ မရှိသေးသလို လူတွေစစ်ပွဲတွေကြောင့် အခက်အခဲဖြစ်နေချိန်မှာ ခုလို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံလိုက်ရတဲ့အတွက် အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ပြီး ပြည်သူတွေအနေနဲ့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရပါတယ်။
စစ်ပွဲတွေကြောင့် နဂိုကတည်းက ဆင်းရဲနေတဲ့ ရခိုင်ပြည်ဟာ အခုအခါ ပိုမိုအခြေအနေ ဆိုးရွားသွားပြီလို့လည်း သူမက ပြောဆိုပါတယ်။
ရခိုင်ဒေသဟာ ဆယ်တန်းအောင်၊ ဘွဲ့ရလူငယ်တစ်ဦးအတွက် ဘာဆိုဘာမျှ အလုပ်အကိုင် အခွင့်အလန်းလည်း ရှိမနေတဲ့ ဒေသတစ်ခုဖြစ်သလို အလုပ်လုပ်ချင်ရင် ရခိုင်ကို စွန့်ခွာပြီး ရန်ကုန်အပါအဝင် တစ်ခြားဒေသကိုသွားပြီး အလုပ်သွားလုပ်မှ တစ်ဝမ်းတစ်ခါးကို အဆင်ပြေတယ်လို့လည်း သူမက ပြောဆိုပါတယ်။
“ ကျွန်မ ဘွဲ့ရထားပါပြီ။ ဒါပေမယ့်ကျွန်မတို့ဒေသမှာ ကျွန်မတို့အတွက် ဘာအလုပ်ကိုင် အခွင့်အလန်းရှိမနေဘူး။ ရန်ကုန်ကို လာပြီး စက်ရုံ အလုပ်ရုံတွေမှာလာပြီး လစာလေး သုံးလေးသိန်းရဖို့အတွက် အလုပ်လုပ်ကြရတယ်။ ဒီကြားထဲမှာ တိုက်ပွဲတွေဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းသွားတဲ့အတွက် ပြည်သူတွေ အကြီးအကျယ်ထိခိုက်ခံစားနေကြရတယ်။ ကျောင်းတွေလည်း ပိတ်၊ လူငယ်တွေလည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်။”
အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို အဓိက ခံစားခဲ့ကြရသူတွေဖြစ်ကြတယ်လို့ ပြောပါတယ်။
“ အခုဘဲကြည့်လေ။ ကျွန်မတို့မိသားစု တစ်ခုက ဗုံးထိမှန်လို့ လေးဦးသေဆုံးသွားခဲ့တယ်။ ဒီအထဲမှာ အမျိုးသမီး ၃ ယောက်ပါတယ်။ စစ်ပွဲတစ်ခုဖြစ်လာရင် အမျိုးသမီးတွေက ဘယ်ကို ထွက်မပြေးနိုင်ဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြရတာ။ အဲသလို နေရင်းနဲ့ဘဲ ဗုံးကြဲခံရပြီး သေဆုံးသွားခဲ့ကြရတာ။”
မနွေးနုတစ်ယောက်ကတော့ သူမရဲ့ အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ ညီမငယ်တို့ကို စစ်ပွဲအကြားမှာဆုံးရှုံးခဲ့ရပါတယ်။ ဒီလို အဖြစ်မျိုးတွေကို ဘယ်သူ့ကိုမှ မခံစားစေချင်ဘူး။ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်တယ်လို့ သူမက ပြောပါတယ်။
“ ဒီရခိုင်က စစ်ပွဲတွေဟာ မညီမျှမှုတွေ၊ တန်းတူရည်တူ အခွင့်အရေးမရရှိမှုရယ်၊ သွေးခွဲ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ဖြစ်လာရတာလို့ ကျွန်မ ယုံကြည်တယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့ ရသင့် ရထိုက်တဲ့အခွင့်အရေးတွေကို ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး ရနိုင်မှာဖြစ်ပါတယ်”လို့ သူမက ပြောဆိုပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရေးမှာ ဖြစ်နေတဲ့ တိုင်းရင်းသားအရေးပြဿနာက ဖြေရှင်းချင်ရင် အလွယ်ကလေးလို့ သူမ အမြင်ကို ပြောပြပါတယ်။
” ကျွန်မတို့တိုင်းပြည်မှာ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ဒီကနေ့ တိုက်ပွဲတွေဖြစ်နေကြရတယ်။ စစ်ပွဲတွေ ဆက်ရှိနေတယ်။ လူ့အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြရတယ်။ ဒီပြဿနာတွေရဲ့ ဇစ်မြစ်က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဘဲ။ တိုင်းရင်းသားတွေလိုလားတောင်းဆိုနေတဲ့ ဒီအခွင့်အရေးတွေကို ဒီနေ့ပေးရင် ဒီနေ့ မြန်မာပြည်ကြီး ငြိမ်းချမ်းသွားပါလိမ့်မယ်။ တိုင်းပြည်ကို အုပ်ချုပ်နေသူတွေနဲ့ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့ဘဲလိုပါတယ်။ ဒါတွေကို မပေးရဲဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေလို့ကတော့ ဒီတိုက်ပွဲတွေ သံသရာရှည်နေပါလိမ့်မယ်။”
” ဒါကြောင့် စစ်ပွဲတွေရပ်ဖို့လိုတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အခွင့်အရေးတွေကို ပေးဖို့လိုတယ်။ ခုလိုတိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အခွင့်အရေးတွေ ရရှိသွားရင် စစ်ပွဲတွေရပ်တန့်သွားလိမ့်မယ်။ တိုင်းပြည်ငြိမ်းချမ်းသွားလိမ့်မယ်။ အဲဒီစစ်ပွဲရပ်မယ့်တစ်နေ့၊ အဲဒီနေ့ကို မျှော်လင့်နေတယ်လို့လည်း သူမက ပြောဆိုသွားပါတယ်။”
(ပြီး)
https://www.facebook.com/narinjara.info/posts/993940082773121