တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်

By DMG / 2024 November 21

ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးရှိ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ – ၅) ကို အာရက္ခတပ်တော်က ယနေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း မြေပြင်အခြေအနေသိသူ သတင်းရင်းမြစ်ထံမှ သိရသည်။

ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို အထူးကပ်ကွဲလမ်းညွှန်ပေးနေသည့် စကခဌာနချုပ် သုံးခုရှိသည်။ ယင်းအထဲမှ စကခ (၉) ကျောက်တော်နှင့် စကခ(၁၅) ဘူးသီးတောင်တို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

“ဒီနေ့မနက် ၆ နာရီလောက်ကစပြီးတော့ စကခ(၅) ဌာနချုပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာပစ်ခတ်တာတွေရှိတယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးနေတာရှိတယ်။ AA ကတော့ ဝိုင်းပိတ်တိုက်နေတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေရာများသို့ လေကြောင်းပစ်ကူအပြင် ခမရ (၃၄၆)၊ (၅၄၄) တပ်ရင်းတို့မှလည်း လက်နက်ကြီး ပစ်ကူပေးနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က တောင်ကုတ်မြို့မရဲစခန်းမှ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ ဝင် ၅၀ ခန့်မှာ စကခ (၅) သို့ တပ်ဆုတ်ကာ ပူးပေါင်းသွားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့တွင်း နေရာအများအပြားကို AA က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “မနေ့ကဆိုရင် ဈေးကြီးနဲ့ ရပ်ကွက်တစ်ချို့ကို ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်သွားတာ ရှိတယ်။ တိုက်ပွဲပြင်းနေတော့ ပျက်စီးသွားတဲ့ နေအိမ်အတိအကျတော့ မသိဘူး။ အခုဆိုရင် တောင်ကုတ်မြို့ကို AA က ထိန်းချုပ်ထားပြီလို့တောင် ပြောလို့ရတယ် ” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲပြင်းထန်မှုကြောင့် မြို့တွင်းပိတ်မိနေသည့် တောင်ကုတ်ဒေသခံများကို အာရက္ခတပ်တော်က ဘေးကင်းလုံခြုံရာ နေရာအသီးသီးသို့ ကယ်ထုတ်ပေးနေကြောင်း သိရသည်။

တောင်ကုတ်တွင် စကခ (၅) ဌာနချုပ်နှင့် ခမရ (၃၄၆)၊ ခမရ(၅၄၄) တပ်ရင်းများအပြင် ဆက်သွယ်ရေးတပ်၊ မိုင်းရှင်းလင်းရေးတပ် တို့သည် တောင်ကုတ် – သံတွဲလမ်းအနီးတွင် တည်ရှိနေသည်။

AA က တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည်။

https://www.facebook.com/dmgnewsagency/posts/968029485370648

Leave a Reply

Your email address will not be published.