By Narinjara / 2024 November 08
ရခိုင်ပြည်၊ တောင်ကုတ်မြို့ပတ်လည်တွင် ခံစစ်ပြင်ဆင်ထားသည့်အထိုင်စခန်းနှင့် ကာကင်းများအားလုံးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။
လက်ရှိ AA က တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင်ရာဘာခြံတောင်မှ လက်နက်ကြီးအထိုင်တပ်၊ တက္ကသိုလ်ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်ကာကင်း၊ တက္ကသိုလ်ဝင်းထဲအထိုင်ချထားသည့်စစ်တပ်နှင့် ပန်းမြောက်တောင်အမြောက်တပ်တို့ကို သိမ်းပိုက်ထားပြီဟု စစ်ရေးသတင်းရင်းမြစ်နှင့်မြို့ခံများက နိရဉ္စရာသတင်းဌာနကိုပြောသည်။
စစ်ရေး အခြေအနေကို စောင့်ကြည့်နေသည့် တောင်ကုတ် မြို့ခံတစ်ဦးက”ပန်းမြောက်တောင်ကို ဝင်တိုက်တဲ့ ရက်ပိုင်းကတည်းကပဲ မြို့အနားကအထိုင်ချထားတဲ့တပ်တွေကို တခါတည်း AA က ဝင်တိုက်နေတာ။ စစ်တပ်ကလည်း လေယာဥ်နဲ့အသည်းအသန်ဗုံးကြဲခဲ့တယ်။ အခုက တိုက်ပွဲက အဲဒီနေရာတွေကိုလွန်ပြီးတော့မှ မြို့ပေါ်ထိရောက်လာပြီ” ဟုပြောသည်။
တပ်ဆုတ်ခုခံနေသည့်စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်နေရာ စကခ(၅)ဌာနချုပ်နှင့်နှစ်မိုင်ဝန်းကျင်ရှိ မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီလေတပ်က အသည်းအသန် ဗုံးလိုက်ကြဲနေကြောင်း မြို့ခံများက ပြောသည်။
ထိုသို့သိမ်းပိုက်ပြီးနောက် တောင်ကုတ်တက္ကသိုလ်ဘက်မှ တပ်ဆုတ်ထွက်ပြေးလာသည့်စစ်ကြောင်းများနှင့် ကိုင်းရှည်ရပ်ကွက်၊ ဒုံကျေးရွာအနီးဂေါက်ကွင်းတို့တွင်ယမန်နေ့ နိုဝင်ဘာလ ၇ ရက်၊ ည ၇ နာရီခွဲအချိန်မှ ယနေ့မနက်ပိုင်းအထိညလုံးပေါက်မရပ်မနားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းမြို့ခံများက ပြောသည်။
“မနေ့ညပိုင်း ၇ နာရီလောက်ကပဲ ကိုင်းရှည်ဘက်နဲ့ ဒုံဘက်မှာတိုက်ပွဲတွေဖြစ်နေတာ။ အခုမနက်ပိုင်းအထိပစ်နေကြတုန်းပဲ။ မနေ့ကတစ်ညလုံးလည်းလက်နက်ကြီး၊ လက်နက်ငယ်အသံအစုံကြားရတယ်။ဂျက်လည်း တစ်ကြိမ်ဝဲပြီး ဗုံးကြဲသံကြားတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည်များ ဒုံကျေးရွာထဲသို့ကျရောက်ပေါက်ကွဲမှုရှိပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
အလားတူ ပန်းမြောက်တောင်အမြောက်တပ်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များနှင့် စကခ(၅) အင်အားဖြည့်စစ်ကြောင်းများပူးပေါင်း၍ မြို့အရှေ့ဘက်၊ ကြိုးကြာကွင်းရေလှောင်တမံအနီး ခံစစ်ပြင်ဆင်ခုခံနေ၍ အဆိုပါနေရာတဝိုက်တွင်တိုက်ပွဲပြင်းထန်နေကြောင်းမြို့ခံများက ပြောသည်။
တောင်ကုတ်မြို့ဝန်းကျင်တွင် ခံစစ်ပြင်ဆင်အထိုင်ချတပ်စွဲထားသည့် လက်နက်ကြီးတပ်နှင့်ကာကင်းများကို AA က အောက်တိုဘာ ၃၁ ရက်၊ ညပိုင်းမှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
လက်ရှိ AA ၏ ထိုးစစ်မှာ မြို့ပေါ်မှ စစ်ဆင်ကွပ်ကွဲရေးဌာနချုပ်နှင့် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။
တောင်ကုတ်မြို့တွင်စကခ(၅)နှင့် လက်အောက်ခံ ခမရ(၃၄၆)၊ ခမရ(၅၄၄)တို့အခြေစိုက် တပ်ရင်းများသာရှိပြီး အချိန်မရွေး AA လက်ထဲ ကျရောက်သွားနိုင်သည်ဟု စစ်ရေးလေ့လာ သုံးသပ်သူများက ပြောသည်။
https://www.facebook.com/narinjara.info/posts/976917251142071