By Narinjara / 2024 November 16
နှလုံးလှပရဟိတသမားအဖြစ် ဆုချီးမြှင့် ခံထားရသူ တောင်ကုတ်မြို့မှ ပရဟိတသမားကြီး ဦးစိုးမြင့်ကိုစစ်ကောင်စီက ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။
အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်သည်ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ကိုင်းရှည်တံတားပေါ် ရှိနေစဥ်စစ်ကောင်စီတပ်ကပစ်သတ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်းတောင်ကုတ်မြို့ခံသတင်းရင်းမြစ်ကပြောသည်။
“ဦးစိုးမြင့်က တံတားကို သူ့အိမ်လို သဘောထားပြီးနေတာ။ တံတားပေါ်မှာ ဖြတ်သွားဖြတ်လာလူတွေပစ်ထားခဲ့တဲ့ အမှိုက်တွေသူကပြန်ကောက်တယ်။ အမှိုက်လှဲပေးတယ်။ နေ့စဥ်နေ့တိုင်းလိုလိုတံတားမှာအဲလိုလုပ်ပေးနေတာ တစ်မြို့လုံးကသိတယ်။ မနေ့က သူပစ်သတ်ခံရတယ်”ဟုပြောသည်။
ဦးစိုးမြင့်သည် တောင်ကုတ်မြို့မှ ကိုင်းရှည်တံတားကြီးတွင်ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ တစ်ကိုယ်တော် အမှိုက်ကောက်သန့်ရှင်းရေးလုပ်ပေးနေသည့် ပရဟိတသမားကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။
နောက်ထပ်တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “အဲဒီဦးလေး(ဦးစိုးမြင့်) သေသွားပြီ။ သေနတ်နဲ့ ခြေထောက်တွေ၊ ပေါင်တွေကိုအရင်ပစ်တယ်လို့ပြောတယ်။ ပြီးမှ ပစ်သတ်လိုက်တာ”ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ဦးစိုးမြင့်သည် ၂၀၀၉ ခုနှစ်ကတည်းက တောင်ကုတ်မြို့ရှိ သံတွဲလမ်းဆုံ၊ မီးစက်ကြီးရှေ့လမ်းနှင့် ရဲနန္ဒာကန်(ယခု ဦးဥတ္တမကစားကွင်း) ရှေ့လမ်းများနှင့်ကိုင်းရှည်တံတားတို့တွင် တစ်ကိုယ်တော် အမှိုက်လှဲကျင်း ကုသိုလ်ယူနေသည့်ပရဟိတသမားတစ်ဦးဖြစ်ကြောင်း မြို့ခံများက ပြောသည်။
၂၀၂၃ ခှစ် ဇန်နဝါရီလ ၁၂ရက်နေ့ကသူ့အား မိမိအသိစိတ်ဖြင့်တစ်ကိုယ်တော် ပရဟိတလုပ်ငန်းများဆောင်ရွက်သဖြင့် တစ်ခြားပရဟိတသမားနှစ်ဦးနှင့်အတူ နှလုံးလှ ပရဟိတဆုကို စစ်တွေမြို့တွင် ချီးမြှင့်ခံခဲ့ရသည်။
https://www.facebook.com/narinjara.info/posts/983172077183255