By Narinjara / 2024 November 09
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် အမ်းနှင့်တောင်ကုတ်တိုက်ပွဲများအတွင်းစစ်ကောင်စီမှရက်တိုသင်တန်းပေးပြီးရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်ခံထားရသည့် မွတ်ဆလင်လူငယ်အလောင်းအများအပြားကိုတွေ့ရသည်ဟုစစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
“အမ်းတိုက်ပွဲတွေမှာဆိုရင်မဲတောင်၊ကျောက်စကွဲနဲ့အခုအမ်းမြို့နားတပ်ရင်းတွေမှာမွတ်ဆလင် အလောင်းတွေအများကြီးတွေ့ရတယ်။အများအားဖြင့်လူငယ်တွေပါ”ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ကျောက်စကွဲရွာနားတိုက်ပွဲ၊မဲတောင်တိုက်ပွဲ၊အမ်းမြို့အနီးတပ်ရင်းများအား သိမ်းပိုက်သည့် တိုက်ပွဲများတွင်တွေ့ရှိရသည့်မွတ်ဆလင် စစ်သင်တန်းဆင်း စစ်သားအလောင်းအရေအတွက်မှာ ရာဂဏန်းထိ ရှိနိုင်သည်ဟု ဆိုသည်။
အလားတူ တောင်ကုတ် တိုက်ပွဲများတွင်လည်း စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်များ၏ အလောင်းကိုတွေ့ရှိရပြီး ၎င်းမွတ်ဆလင်စစ်သားများမှာ ကျောက်ဖြူ၊ ကျောက်တစ်လုံး IDPစခန်းမှ ပို့ဆောင်ခံရသူများဖြစ်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တောင်ကုတ်မှာကအများအားဖြင့်ပို့ဆောင်ခံထားရတဲ့မွတ်ဆလင်လူငယ်တွေကကျောက်ဖြူကျောက်တစ်လုံးရွာကများတယ်။သူတို့ကိုညအချိန်ရေကြောင်းကနေပို့ဆောင်ထားတာပါ။ဘယ်ကို ရောက်လို့ ရောက်မှန်းမသိကြရတဲ့ မွတ်ဆလင်လူငယ်တွေ။ အခုဖြစ်နေတဲ့တောင်ကုတ် တိုက်ပွဲအတွင်းမှာလည်း သူတို့ရုပ်အလောင်းတွေကိုတွေ့ရပါတယ်”ဟုဆိုသည်။
စစ်ကောင်စီမှအာရက္ခတပ်တော်(AA) ၏ပြင်းထန်သောထိုးစစ်ကိုခုခံနိုင်ရန်အတွက်စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောမြို့တို့မှ မွတ်ဆလင်လူငယ်များကိုသာမကတစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများမှ လူငယ်အများအပြားကို မက်လုံးပေးဆွဲဆောင်ပြီး ၄၅ ရက်စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာပြင်သို့ပို့ဆောင်ခဲ့သည်ဟုစစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ အမ်းမှာတော့ စစ်တွေဘက်က စုဆောင်းခံရတဲ့ မွတ်ဆလင် လူငယ်တွေ၊ သူတို့ကို အမ်းတိုက်ပွဲ မပြင်းထန်သေးတဲ့ အချိန်ကတည်းက လေယာဉ်တွေနဲ့ ပို့ထားတာ။ တောင်ကုတ်မြို့မှာတော့ကျောက်ဖြူကနေစစ်ရေယာဉ်တွေနဲ့ ပို့ထားတာ။ သိမ်းမိတဲ့တပ်စခန်းအချို့မှာစစ်ကောင်စီ ဘတ်တံဆိပ်နဲ့ သေနတ်တွေကို ကိုယ်စီဖက်ပြီး သေနေတဲ့ မွတ်ဆလင် လူငယ်တွေကို တွေ့ရပါတယ်” စစ်ရေးသတင်းမြစ်ကဆိုသည်။
မောင်တောနှင့် ဘူးသီးတောင်တိုက်ပွဲများတွင် သေဆုံးခဲ့ရသည့် မွတ်ဆလင် သင်တန်းဆင်များမှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွတ်ဆလင် ဒုက္ခသည် စခန်းများမှ ဖြစ်ကြသည်ဟု ဆိုသည်။
ကောင်စီ၏ဝါရင့်စစ်ရေးအတွေ့အကြုံရှိသည့်တပ်ဖွဲ့ဝင်များတောင်မှAA တပ်ဖွဲ့ဝင်များ၏ တိုက်ရည် ခိုက်ရည်ကို မယှဉ်ပြိုင်နိုင်ဘဲလက်မြောက်အရှုံးပေးနေရသည့်အချိန်တွင်မည်သည့် စစ်ရေးအတွေ့အကြုံမှမရှိသည့် ၄၅ ရက် စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်များကို ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခြင်းမှာ လူသတ်ကွင်းသို့ တမင်ရည်ရွယ်ပို့ဆောင်သည်နှင့် တူနေသည်ဟု စစ်ရေးလေ့လာ အကဲခတ်သူများက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် AA ထိုးစစ်ဆင် တိုက်ခိုက်မှုကို ကာကွယ်ရန် စစ်တွေမြို့တွင်လည်း ထောင်နှင့်ချီရှိသည့် မွတ်ဆလင်လူငယ်များအား စုဆောင်းထားပြီး ရက်တိုသင်တန်းများပေးကာ လက်နက်တပ်ဆင်ထားသည်ဟု သိရှိရသည်။
https://www.facebook.com/narinjara.info/posts/978035577696905