တောင်ကုတ်က စစ်ကောင်စီအမြောက်တပ်တစ်ခုကို AA စတင်ထိုးစစ်ဆင်တိုက်ခိုက်

By Narinjara / 2024 November 01

တောင်ကုတ်မြို့ အခြေစိုက်စစ်ဆင်ကွပ်ကဲရေးဌာနချုပ်စကခ(၅) လက်အောက်ရှိစစ်ကောင်စီအမြောက်တပ် တစ်ခုကိုအာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်းမြို့ခံများက နိရဥ္စရာသို့ပြောသည်။

ယမန်နေ့အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် တောင်ကုတ်မြို့၊ ပန်းမြောက်တောင်တွင် အထိုင်ချတပ်စွဲထားသည့် အမြောက်တပ်ကို AAကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကုတ်မြို့ခံများကနိရဥ္စရာသို့ပြောသည်။

မြို့ခံအမျိုးသမီးငယ်တစ်ဦးက”မနေ့ညက ပန်းမြောက်တောင်ကို AA ကဝင်စီးတယ်လို့ သိရတယ်။အဲဒီအနီးတဝိုက်ကဒေသခံတွေ မြို့ဘက်ကိုရောက်လာတော့ ပြောနေကြတယ်။ လေယာဥ်ကလည်း မနေ့ညကပဲ ဝဲလိုက်ဗုံးကြဲလိုက်နဲ့။ လက်နက်ကြီးတွေလည်းတရက်လုံးပစ်တယ်။ အခု နေ့လယ်လောက်မှပဲ ခဏရပ်နေတယ်” ဟုနေ့လယ် ၁ နာရီ ၅၀ မိနစ်က နိရဥ္စရာသတင်းဌာနနှင့် အဆက်သွယ်၇စဥ် ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီက တိုက်ပွဲဧရိယာနှင့် တောင်ကုတ်မြို့အနီးဝန်းကျင်နေရာတချို့ကိုဂျက်ဖိုက်တာဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးများဖြင့်တရက်လုံးနီးပါးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမြို့ခံများကပြောသည်။

သမိုင်းဝင်ပန်းမြောက်တောင်စေတီတော်ရှိရာပန်းမြောက်တောင်သည် တောင်ကုတ်မြို့၏အရှေ့ မြောက်ဘက် ရမိုင်ခန့်အကွာလောက်တွင်တည်ရှိသည်။

အဆိုပါတောင်ပေါ်မှ မြို့ပတ်ဝန်းကျင်အပေါ်စီးမှမြင်ရသည့်အတွက် စစ်ရေးအတွက် အရေးပါသည့်နေရာဖြစ်၍စစ်ကောင်စီက အမြောက်တပ်ဖွဲ့စည်းခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။

ပန်းမြောက်တောင်အမြောက်တပ်အား အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ခြင်းရှိမရှိကိုအတည်မပြုနိုင်သေးပါ။

စစ်ကောင်စီနှင့်AA တို့နှစ်ဖက်တိုက်ပွဲပြင်းထန်ကာစစ်ကောင်စီမှ လေကြောင်းဗုံးကြဲမူကြောင့် အနီးအနားရှိ ပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိ၇သည်။

နောက်ထပ် ဒေသခံ တစ်ဦးက”တောင်ကုတ်မြို့မှရှိတဲ့တပ်မ၊ တပ်ရင်းတွေကို တိုက်တယ်လို့ကြာပါတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ကောင်စီလေကြောင်းကနေ မြို့ပြင်နဲ့ တပ်နယ် အနီးဝန်းကျင်တွေကို ဗုံးကြဲတယ်။ မြို့ခံတွေကတော့ရတဲ့ လမ်းကနေထွက်ပြေးနေကြ၇တယ်”ဟုသူက ဆိုသည်။

တောင်ကုတ်မြို့တွင် စကခ(၅) အပြင် ခမ၇(၅၄၄) နှင့် ခမ၇ (၃၄၆) တို့ အခြေစိုက်ထားသည်ဟု သိရသည်။ လက်ရှိ AAသည်တောင်ကုတ်မြို့နယ် မြောက်ဘက်ဆက်စပ်နေသည့် အမ်းမြို့ကို အပြင်းအထန် တိုက်ခိုက်နေပြီးတောင်ကုတ်မြို့နယ် တောင်ဘက်ရှိ သံတွဲမြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတောင်ကုတ်တွင်MPT ဖုန်းလိုင်းမှာနေရာအနည်းငယ်လောက်သာ လိုင်းမိပြီး ဖုန်းအများစု အဆက်သွယ်ပြတ်တောက်နေသဖြင့် တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေများကို မသိရှိ၇သေးပါ။

https://www.facebook.com/narinjara.info/posts/971575961676200

Leave a Reply

Your email address will not be published.