By Narinjara / 2024 November 14
မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီကတပ်ရင်းများအနီးကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးထက်မနည်း သေဆုံးကာ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကုတ် ခမရ(၃၄၆) နှင့်ကပ်လျက်တည်ရှိသည့် ရန်ခိုကျေးရွာ၊ ရွှေညောင်ညို(ဖုန်ညို)ကျေးရွာ၊ ဒုံကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာများကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ၁၄ ရက်၊ ညဥ့် ၃ နာရီတွင်လေကြောင်းဗုံးကြဲခြင်းဖြစ်ကြောင်းတောင်ကုတ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ရန်ခိုကျေးရွာကိုစစ်ကောင်စီက ဖျက်အားပြင်းဗုံးများကြဲချတိုက်ခိုက်၍ အရပ်သားလေးဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ကျေးရွာတွင်းရှိနေအိမ်အများအပြားမီးလောင် ပျက်စီးသွားခြင်းဖြစ်ကြောင်း သူက ပြောသည်။
“မနက်ပိုင်းက ဒေသခံတစ်ယောက်နဲ့ဖုန်းအဆက်သွယ်ရတယ်။ ရန်ခိုရွာကိုဗုံးကြဲတာမှာ လူလေးယောက်သေတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်။ နာမည်တွေတော့ မမေးလိုက်ရဘူး။ ဖုန်းလိုင်းကပြောနေရင်း ပြတ်သွားတယ်” ဟု ပြောသည်။
အလားတူ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်အနီး ဒုံကျေးရွာ၊ ခမရ ၃၄၆ အနီးမှ ဖုန်ညိုကျေးရွာနှင့်စကခ(၅)နှင့်သိပ်မဝေးသည့် ကြိုးကြာကွင်းကျေးရွာများကိုလည်း စစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်၍ နေအိမ်များမီးလောင်ပျက်စီးမှုရှိကြောင်း သူက ဆက်ပြောသည်။
တောင်ကုတ်မြို့တွင် MPT ဖုန်းလိုင်းတစ်ခုတည်းရရှိနေခဲ့ရာမှ နိုဝင်ဘာလ ၁၂ ရက်မှစ၍ ဖုန်းလိုင်းများပြတ်တောက်သွားခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA)သည်မြို့ဝန်းကျင်မှ ရှေ့ထွက်စစ်ကောင်စီကာကင်းများ၊ အထိုင်တပ်များကိုသိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၉ ရက်မှစတင်ပြီး ခမရ(၃၄၆)၊ ခမရ (၅၄၄)တပ်ရင်းတို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
တောင်ကုတ်မြို့ရှိ ပြည်သူအများစုမှာ မြို့ကိုစွန့်ခွာသွားကြပြီဖြစ်ပြီး မြို့တွင်းပိတ်မိနေသည့် သက်ကြီးရွယ်အိုများနှင့် မြို့ခံပြည်သူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/981775737322889