တိုက်ပွဲထဲက လက်နက်ကြီးကျည် ဂျိုင်ကောက်ရွာဟောင်းထဲကို ကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီးငယ် တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

By Narinjara / 2024 November 13

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည် ဆပ်သွားတံတားထိပ်နဲ့ ၎င်းကျေးရွာအနီးရှိ ဂျိုင်ကောက်(ချိုင်ကောက်) ကျေးရွာဟောင်း၊ ကျေးရွာသစ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲထဲက ဗုံးသီးတစ်လုံးသည် ယနေ့နံနက် ၉ နာရီကျော်က ဂျိုင်ကောက်ကျေးရွာဟောင်း ဘုန်းတော်ကြီးကျောင်းအနီးရှိ ဦးချိန်သီးအိမ်ကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

“ တိုက်ပွဲထဲက ဗုံးတစ်လုံးက ဦးချိန်သီးအိမ်ကိုကျတော့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးသေတယ်။ တစ်ယောက် ခြေထောက်ပြတ်တယ်” ဟု ပြောသည်။

နောက်ထပ် ဗုံးတစ်လုံးမှာ ဂျိုင်ကောက်ကျေးရွာဟောင်းနှင့် ကျေးရွာသစ်ကို ဆက်သွယ်ထားသည့်​ တံတားအနီးတွင် ကျရောက်ပေါက်ကွဲ၍ လူကြီးတစ်ဦးသေဆုံးကာ မိန်းခလေးငယ် တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ ဒုတိယဗုံးက ရွာနှစ်ရွာကြားက တံတားအနီး ကျတယ်။ အမျိုးသားကြီးတစ်ဦးသေတယ်။ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရတယ်။ သူက သွေးထွန်လွန်နေတော့ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

ယခုကျရောက်ပေါက်ကွဲသည့် ဗုံးမှာ မည်သည့်နေရာက ပစ်ခတ်သည်ကို ကျေးရွာသားများအနေဖြင့် သေချာမသိကြဟု ၎င်းက ပြောကြားသည်။ ဂျိုင်ကောရွာသည် ဂွမြို့မြောက်ဘက် မိုင်(၂၀) အကွာတွင် တည်ရှိပြီး ဆပ်သွားရွာနှင့် တံတားတစ်ခုသာ ခြားသည်ဟု သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် AAနှင့် စစ်ကောင်စီတပ်တို့ ဆပ်သွားရွာတံတားထိပ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လေယာဉ်ပျံလာသံများကို ကြားရသည်ဟု ၎င်းက ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/980845067415956

Leave a Reply

Your email address will not be published.