By Narinjara / 2024 November 15
လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့နှင့် တောင်ကုတ်မြို့သိမ်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရသည့် စစ်ဘေးရှောင်များအတွက်စားနပ်ရိက္ခာ၊အနွေးထည်နှင့် စောင်များအရေးပေါ်လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အမ်းနှင့်တောင်ကုတ်တို့မှစစ်ဘေးရှောင်လာသူများမှာ မြေပုံ၊ ရမ်းဗြဲ၊ မာန်အောင်နှင့်ကျောက်ဖြူမြို့နယ်များသို့ တိမ်းရှောင်မှုများလာကြောင်း ဒေသခံများကပြောသည်။
လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းဝင် ကိုနိုင်နိုင်ဇော်က “ဒီရက်ပိုင်းအတွင်းမှာ အမ်းနဲ့တောင်ကုတ်ကစစ်ဘေးရှောင်တွေ နီးစပ်ရာ မြို့နယ်တွေကို ထောင်နဲ့ချီပြီး ရောက်ရှိလာတယ်။ စစ်ရှောင်စခန်းမှာနေတဲ့သူရှိသလိုနီးစပ်ရာရွာတွေမှာနေကြတဲ့သူတွေရှိတယ်။ စားစရာလုံးဝမရှိတဲ့အနေအထားပါ။ ပြီးတော့ အနွေးထည်လည်း မပါလာကြဘူး။ သနားစရာ၊ ရင်ကွဲစရာအရမ်းကောင်းတယ်” ဟုနိရဉ္စရာသတင်းဌာနကိုပြောသည်။
အမ်းမြို့နယ်ရောက် စစ်ရှောင်အချို့မှာ ထမင်းနှစ်နပ်စာကို တစ်နပ်စာအဖြစ်ပေါင်းစားပြီးနေခဲ့ကြသူတွေလည်းစစ်ဘေးရှောင်များအထဲတွင် ပါလာကြသည်ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ထမင်းတောင် တစ်နပ်စာပဲစားရတယ်။စစ်ဘေးရှောင်တာ ဘာမှပါမလာပါဘူး။ အေးလည်းအေးနေပြီ။ သားသမီးတွေကလည်းများတော့စားရေးသောက်ရေး အရမ်းခက်ခဲတယ်” ဟု ပြောသည်။
လက်ရှိကာလသည် ဆောင်းဝင်နေပြီဖြစ်၍ အဆိုပါစစ်ဘေးရှောင်များတွင် အနွေးထည်များနှင့် စောင်များလည်း အရေးတကြီး လိုအပ်လျက်ရှိသည်။
အဆိုပါစစ်ဘေးရှောင်များတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိသည်ဟု ကူညီပေးနေသူများက ပြောဆိုကြသည်။
လက်တွင် တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ မြို့တွင်းသို့ ချဥ်းနင်းဝင်ရောက်လာပြီဖြစ်သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲမှာလည်း မြို့တွင်းတွင်ဖြစ်ပွားနေသည်ဟုဒေသခံများကပြောဆိုသည်။
ရခိုင်တွင် တိုက်ပွဲများကြောင့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ခြောက်သိန်းရှစ်သောင်းအထိ တိုးလာနေကြောင်းမြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)၏မကြာသေးခင်ကထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
https://www.facebook.com/narinjara.info/posts/982315080602288