By Narinjara / 2024 November 01
တိုက်ပွဲများကြားက အသက်စွန့်ထွက်ပြေးကြသည့် ဂွမြို့နယ်မှဒေသခံ ၁၀၀ ကျော်သည် ကမ်းသာယာ စစ်တပ်ဂိတ်တွင် တစ်နေကုန် ပိတ်မိနေခဲ့ပြီး ညနေ ၆ နာရီမှသွားလာခွင့်ရရှိခဲ့သည်ဟု သတင်းရရှိသည်။
ဂွမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာအနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသည်သာမက မြေပြင်ကလည်းလက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဂျိုင်ကောက်၊ ဆပ်သွား၊ ဆင်ကူး၊ ကျောင်းတောင်၊ ကျောက်ချပ်၊ ဇီးကုန်း၊ ပိန္နဲကုန်း၊ ရွှေဦးကွင်းနှင့် ရေသိုးမှ ပြည်သူ ၁၀၀ ကျော်သည်ယနေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် တိုက်ပွဲကြားထဲမှ ထွက်ပြေးလာခဲ့ကြသည်ဟု သိ၇သည်။
ထိုသို့ ဆိုင်ကယ်များ၊ သုံးဘီးနှင့် ကားများဖြင့် ထွက်ပြေးလာကြရာတွင်ဂွမြို့မှ မြောက်ဘက် ၁၃ မိုင် အကွာရှိ ကမ်းသာယာစစ်တပ်ဂိတ်က ဖွင့်မပေးသဖြင့် တစ်နေကုန်အဆိုပါ ဂိတ်တွင် ပိတ်မိနေခဲ့ကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ ကမ်းသာယာဂိတ်က ပုံမှန်ဆို နေ့ခင်းပိုင်းနဲ့ ညနေပိုင်းဖွင့်နေကျပါ။ညနေ ၆ နာရီမထိုးခင်ပိတ်တာ။ ဒီနေ့က တစ်နေကုန် ပိတ်ထားတယ်။ စစ်ပြေးရှောင် ၁၀၀ ကျော် အဲဒီဂိတ်မှာညနေ ၆ နာရီထိ ပိတ်မိနေကြပါတယ်။”
နောက်ထပ် ဒေသခံတစ်ဦးက အဆိုပါဂိတ်ကို ညနေ ၆ နာရီကျော်မှ ဖွင့်ပေးခဲ့၍စစ်ပြေးရှောင်များမှာ နေဝင်လုဆဲ အချိန်ကျမှ ဂွမြို့ဘက်သို့ ထွက်ခွာခွင့်၇ခဲ့ကြသည်ဟုဆိုသည်။
ယခင်က ဂွမြို့အထွက် ရွာသစ်ကုန်းတွင် စစ်ဆေးရေးဂိတ်ဖွင့်ထားသော်လည်းလက်ရှိတွင် ကမ်းသာယာအထိတိုးကာ စစ်ဆေးရေးဂိတ်ကို ဖွင့်ထားကြောင်း၊ ၎င်းဂိတ်ကို ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီထိ တစ်နေ့ကုန် အသွားအလာကို ပိတ်ထားပြီးညနေ ၆ နာရီမှ မိနစ်အနည်းငယ် ဖွင့်ပေးကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ ကာစစ်ပြင်ဆက်သည့်သဘောဖြစ်ကြောင်းဒေသခံ စစ်ရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောသည်။
ယနေ့ နိုဝင်ဘာ ၁ရက်နေ့တွင် စစ်ကောင်စီသည် ဆပ်သွားကျေးရွာနောက်ကြော ဆားချက်ကလေးရွာ အနီးရှိတောင်ပေါ်မှ တိုင်ကျိုးရွာအနီးရှိ အရိုးတောင်ဘက်သို့လက်နက်ကြီးများဖြင့် အဆက်မပြတ် တစ်ဖက်သတ်ပစ်ခတ်နေခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါတောင်အား လေယာဉ်တစ်စီး ဗုံးကြဲခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောကြားသည်။
“ နောက်ဆုံးသိရတာက ဆားချက်ကြီး၊ ဆားချက်ကလေး၊ ဆင်ကူး၊ ကျောက်ချပ်၊ကျောင်းတောင်၊ ရွှေဥကွင်း၊ ရေသိုးရွာတွေမှာ စစ်အင်အားတိုးချပြီး ကင်းပုန်းတွေ ဝပ်နေတယ်လို့ပြောပါတယ်။ ဒါကြောင့် ကျေးရွာသားတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးကြတာ”ဟုပြောကြားသည်။
တစ်ခြားဒေသခံ တစ်ဦးကမူနိုဝင်ဘာ ၁ ရက်နေ့တွင် AAနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း တပ်က ထွက်ပြေးလာသောစစ်သားများနှင့် အချင်းချင်း “အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ဇီးကုန်တွင်လည်း နောက်ထပ် စစ်သားများတိုးချကာအမြောက်တပ်နောက်တခု ထပ်မံတပ်စွဲသည်ဟုကြားသိ၇ကြောင်း ပြောကြားသည်။
https://www.facebook.com/narinjara.info/posts/971953661638430