စားနပ်ရိက္ခာအခက်အခဲကြောင့် ၂၀၂၅ခုနှစ် နှစ်လယ်ပိုင်းမှာ ရခိုင်ကလူနှစ်သန်းကျော် အငတ်ဘေးကြုံတွေ့နိုင်တယ်လို့ UNDP ထုတ်ပြန်

By Narinjara / 2024 November 09

ရခိုင်တွင် လတ်တလောရိက္ခာအခက်အခဲကိုမဖြေရှင်းနိုင်လျှင် လူနှစ်သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်းကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)ကနိုဝင်ဘာ ၇ ရက်နေ့တွင်အသိပေးထုတ်ပြန်ထားသည်။

“ရခိုင်ပြည်နယ်သည် ဆက်စပ်နေသောပြဿနာများ ပေါင်းစပ်မှုကြောင့် မကြုံစဖူးသော ကပ်ဘေးတစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်တွင်းသို့ ဝင်ရောက်သည့် ကုန်စည်များကိုနိုင်ငံတကာနှင့် ပြည်တွင်း၌ ကန့်သတ်မှုများကြောင့်ဝင်ငွေအလွန်နည်းပါးခြင်း၊ ငွေကြေးဖောင်းပွမှုများကြောင့်ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှု သိသိသာသာ လျော့ကျသွားခဲ့ကြောင်း၊ မရှိမဖြစ် ဝန်ဆောင်မှုများနှင့်လူမှုဖူလုံရေးကွန်ယက်များသည် မရှိသလောက်ဖြစ်ပြီး ပြည်သူများအနေဖြင့်လာမည့်လများအတွင်း ပြိုလဲမည့်အန္တရာယ်ရှိနေကြောင်း” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

လတ်တလော ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ခြင်း မရှိပါက ၂၀၂၅ ခုနှစ်၊ နှစ်လယ်ခန့်တွင် အငတ်ဘေးသင့်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီ” ဟုလည်း UNDP က ထုတ်ပြန်သည့်အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်းနှင့်ကြုံတွေ့နေရသည်ဟုလည်း UNDP အစီရင်ခံစာက ဆိုထားသည်။

ရခိုင်သည် ပြင်းထန်သော အငတ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ် မတ်လမှ ဧပြီလတွင် ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှုသည် လူဦးရေ၏ ၂၀ရာနှုန်ူး ကိုသာ ဖြည့်ဆည်းပေးနိုင်မည်ဟု ခန့်မှန်းထားသည်ဟု UNDP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မျိုးစေ့၊ ဓာတ်မြေသြဇာ ချို့တဲ့မှု၊ ဆိုးရွားသော ရာသီဥတုကြောင့် ပြည်တွင်း စပါးအထွက်နှုန်း ကျဆင်းလာပြီးလယ်ယာ မလုပ်နိုင်တော့သဖြင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ တိုးလာနေသည်ဟုဆိုသည်။

ကုန်သွယ်မှုလုပ်ငန်းအားလုံး ရပ်တန့်လုနီးပါးဖြစ်မှုနှင့်အတူ လူပေါင်း ၂ သန်းကျော်သည် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု UNDPအစီရင်ခံစာတွင် ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/977513371082459

Leave a Reply

Your email address will not be published.