By Narinjara / 2024 November 16
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၊ ဂျိုင်ကောက်ရွာမှ စစ်ကောင်စီတပ်က အရှုံးဖြင့် တပ်ဆုတ်သွားပြီးနောက် လေတပ်က ဂျက်ဖိုက်တာတစ်စီးက ၎င်းကျေးရွာကို ဗုံးကြဲ တိုက်ခိုက်၍ မိန်းကလေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ဂျိုင်ကောက်ရွာမှ မသဲသဲ(၉) နှစ်၊ မယွန်းရတီလှိုင်(၁၄)နှစ်၊ ဒေါ်ခင်သက်မူ (၆၀)နှစ်၊ ဦးဆန်းလှိုင်(၆၅)နှစ်၊ ကိုရီချမ်း(၂၈)နှစ်၊ ဦးဘမ်ဒို (၅၄) နှစ်နှင့် ဦးမိုးညိုတို့ ဖြစ်ကြသည်။
ဒဏ်ရာရသွားသူများမှာ ဂျိုင်ကောက်ရွာမှ မလေးလေးဝါး၊ ဦးတင်ဝင်း၊ မောင်မောင်နိုင်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးနုတို့ဖြစ်ကြသည်။
ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ကောင်စီလေတပ်က ဗုံးလာကြဲခဲ့သည့်အတွက် ဂျိုင်ကောက်ရွာသို့ကျရောက်ပေါက်ကွဲကာ ယခုလို သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၉ နှစ်နဲ့ ၁၄ နှစ်ကလေးနှစ်ယောက်ဆုံးတယ်။ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း ဆုံးတယ်။ ဒဏ်ရသူတွေကတော့ အများကြီးပဲ။ ဂျိုင်ကောက်ရွာထဲမှာ အေအေရှိတယ် အထင်နဲ့ ပစ်တာလေ” ဟုပြောသည်။
ဒဏ်ရာရသွားသူများတွင် လက်ပြတ်၊ ခြေပြတ်ကာ ဒဏ်ရာပြင်းထန်သူများလည်းပါသည်ဟု ဆိုသည်။
အိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
ဂျိုင်ကောက်ရွာသည် ဂွမြို့မှ ၁၇ မိုင်အကွာတွင်ရှိပြီး အိမ်ခြေ ၃၇၀ ခန့်ရှိသည်ဟုလည်း သိရသည်။
ထိုသို့ လေကြောင်းဖြင့်တိုက်ခိုက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ဆပ်သွား တံတားအနီးနှင့် ဆပ်သွားအလယ်ရွာဘုန်းတော်ကြီးကျောင်းတို့မှ စစ်ကောင်စီတပ်များသည် ကမ်းသာယာရဲစခန်း၊ မိုးယံဘုန်းကြီးကျောင်းနှင့် ရွာသစ်ကုန်းတို့ဘက်သို့ ကားလေးစီးဖြင့် တပ်ဆုတ်သွားပြီး ဆပ်သွားတံတားကိုလည်း မိုင်းခွဲဖျက်ဆီးသွားကြောင်းလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/983154817184981