By Narinjara / 2024 November 08
ဂွမြို့နယ်မြောက်ပိုင်း ကျိန္တလီမြို့မှစပြီး စခန်းတစ်ခုပြီးတစ်ခု၊ ရွာတစ်ရွာပြီးတစ်ရွာ ထိုးစစ်ဆင်သိမ်းပိုက်လာသော AA ထိုးစစ်မှာ ယနေ့တွင် ဆပ်သွားအနီးရှိ ဂျိုင်ကောက်သို့ ရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
“ဂျိုင်းကောက် ရွာထဲအဝင် သရက်တောင်နဲ့ ဂျိုင်ကောက်ရွာထဲမှာ ဒီကနေ့ မနက်ကနေ တိုက်ပွဲဖြစ်ပါတယ်။ အဲဒီ ဂျိုင်ကောက်ရွာက ဆပ်သွားတံတားနဲ့ ကပ်လို့ အဲဒီရွာထဲမှာ တိုက်ပွဲဖြစ်နေတာပါ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းပြင် ယနေ့တိုက်ပွဲများမှာ ဆပ်သွားအရှေ့ဘက် တစ်မိုင်အကွာတွင်တည်ရှိသည့် ဆားချက်ကြီး၊ ကျောင်းတောင်နှင့် ဆင်ကူးရွာဘက်တွင်လည်း ဖြစ်ပွားနေသည်ဟု သိရသည်။
“ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေကိုတော့ အမြောက်တွေနဲ့ လှမ်းပစ်နေတယ်။ ဒါပေမယ့် တိုက်ပွဲနီးလာတော့ ဒုံးပစ်စင်တွေပါတဲ့ ဇီးကုန်းမှာ အထိုင်ချထားတဲ့ အမြောက်တပ်ကို ကမ်းသာယာကို ထပ်မံတပ်ဆုတ်တယ်လို့ သိရပါတယ်။ တချို့ကလည်း ကမ်းသာယာက တပ်ရော ရွာသစ်ကုန်းကို အကုန် ရွှေ့တယ်လို့ကြားပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဂွဘက်ကို ဆုတ်လာရတဲ့ သဘောပါ”ဟု ၎င်းက ပြောကြားသည်။
များမကြာမီ AA ထိုးစစ်သည် ပိန္နဲကုန်း၊ ဇီးကုန်းသို့ ရောက်ရှိလာနိုင်ပြီး ထိုမှ တစ်ဆင့် ဂွမြို့မြောက်ဘက် ၁၃ မိုင်အကွာ ကမ်းသာယာသို့ ရောက်ရှိလာနိုင်သဖြင့် ဇီးကုန်းရှိ အမြောက်တပ်၊ ကမ်းသာယာတွင် အထိုင်ချထားသည့် တပ်များအားလုံး ရွာသစ်ကုန်းသို့ ရွှေ့နေခြင်းဖြစ်သည်ဟု ဆိုသည်။
ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ပြီး ရေပြင်ကနေ နေဗီများမှ အမြောက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေသော်လည်း စစ်ကောင်စီတပ်မှာ တစ်ဖြည်းဖြည့်း ဂွမြို့ဘက်သို့ နောက်ဆုတ် နေရသည်ဟု သိရသည်။
လက်ရှိတွင် AA သည် တိုင်ကျိုးရွာနှင့် ပုဂံတောင် ယာယီအထိုင်တပ်အား အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကာ ကျေးရွာတွင် ပိတ်မိနေသူများအား ဘေးလွှတ်ရာသို့ ကယ်ထုတ် သွားသည်ဟုလည်း ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။
https://www.facebook.com/narinjara.info/posts/976952577805205