ဂွမြို့နယ် တိုင်ကျိုးကျေးရွာကို စစ်ကောင်စီဗုံးကြဲ

By Narinjara / 2024 November 05

တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့် ဂွမြို့နယ် တိုင်ကျိုးရွာကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းကနေ ဗုံးလေးကြိမ်ထက်မနည်းကြဲချခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးက“ မနေ့ကတော့ မနက်ပိုင်းရော၊ ညရော တိုင်ကျိုးရွာအဝင် အုံးတုံးတံတားမှာ ဟိုဘက် ဒီဘက် တိုက်ပွဲဖြစ်ပွားတာရှိပါတယ်။ ဒီနေ့ မနက်မှာ အေအေတွေ ဝင်လာတယ်ထင်ပြီး စစ်တပ်က ဗုံးလေးကြိမ် ကြဲချပါတယ်။ တစ်မနက်တည်းမှာ ချတာပါ “ ဟု ပြောကြားသည်။

တိုင်ကျိုးရွာသားများမှာ တိုက်ပွဲမပြီးခင်ကတည်းက ရွာကနေ ထွက်ခွာပြီး စစ်ဘေးရှောင်နေကြသဖြင့် အထိအခိုက် ရှိပုံမရဟု သူက ဆက်လက်ပြောဆိုသည်။

အုံးတုံးတံတားမှာ တိုင်ကျိုးရွာမြောက်ဘက်တွင် တည်ရှိပြီး အေအေက ယင်းတံတားကို ဖြတ်ကျော်ပြီး တိုင်ကျိုးရွာထဲကို ဝင်ရောက်လာကာ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ရာက တိုင်ကျိုးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲချခြင်းဖြစ်သည်ဟု သိရသည်။

၎င်းပြင် ဆားချက်ကြီးကျေးရွာနှင့်ဆားချက်လေးတောင်တန်းနားတွင် စစ်ကောင်စီနှင့် AA တို့ ၃ရက် မြောက် တိုက်ပွဲပြင်းထန်နေသည်ဟုသတင်းရရှိပါသည်။

ဆားချက်ကြီးကျေးရွာနှင့်ဆားချက်လေးကျေးရွာမှာတိုက်နယ်ကျေးရွာကြီး တစ်ရွာဖြစ်သော ဆပ်သွားကျေးရွာ၏ အရှေ့ဘက် ရခိုင်ရိုးမတောင်ခြေရင်းတွင် တည်ရှိပြီး တိုင်ကျိုးမှာ ဆပ်သွားရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။

စစ်ကောင်စီသည်ဆပ်သွားကျေးရွာတံတားထိပ်နှင့် ဆပ်သွားတိုက်နယ်ဆေးရုံတို့တွင် နေရာယူထားပြီး လက်ရှိတိုက်ပွဲများသည် ဆပ်သွားကျေးရွာ အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဆားချက်လေး၊ ဆားချက်ကြီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာက နိုဝင်ဘာ၂ ရက်နေ့ကစဖြစ်တာပါ။တိုက်ပွဲကတော့ပြင်းတယ်။စစ်ကောင်စီဖက်ကအင်အား၃၀၀လောက်ပါတယ်။အေအေကလည်းပိတ်ဆို့ဝိုင်းထားပြီးတိုက်နေတယ်။စစ်ကောင်စီကဂျက်နဲ့လာပြီးနေတိုင်းပစ်တယ်။ဆားချက်လေးရွာနဲ့ဆားချက်ကြီးရွာတွေကို ဗုံးသီးကျတာတွေရှိပါတယ်။တိုက်ပွဲကဒီနေ့လည်းဖြစ်နေတုန်းပါဘဲ”ဟုပြောသည်။

တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီဖက်မှအကျအဆုံးများပြီး ဆပ်သွားဖက်မှစစ်ကူလိုက်နေရသလိုလေကြောင်းကလည်း ဂျက်ဖိုက်တာနဲ့အဆက်မပြတ် နီးစပ်ရာပတ်ဝန်းကျင်ကိုဗုံးကြဲတိုက်ခိုက်နေသည်ဟုသိရသည်။

ထိုသို့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ဆားချက်လေးနှင့်ဆားချက်ကြီးကျေးရွာတို့တွင်ထိခိုက်ပျက်စီးမှုများရှိသည်ဟုဆိုသည်။

စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားရာ နေရာများအား ဂျက်ဖိုက်တာ၊ဒရုန်းများ၊လက်နက်ကြီးတို့ဖြင့်အသည်းအသန် ခုခံကာကွယ်နေသည်ဟု စစ်ရေးစောင့်ကြည့်သူဒေသခံတစ်ဦးကပြောသည်။

https://www.facebook.com/narinjara.info/posts/974644244702705

Leave a Reply

Your email address will not be published.