By Narinjara / 2024 November 21
အာရက္ခတပ်တော်(AA)မှ ဂွမြို့နယ်မြောက်ဘက် ကျောင်းတောင်ကျေးရွာတွင် ယာယီ အထိုင်ချထားသည့် စခန်းကို ယနေ့ ညနေစောင်းတွင် သိမ်းပိုက်လိုက်သည်ဟု ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။
“ တိုက်ပွဲက အပြင်းအထန်ဖြစ်ပါတယ်။ စစ်တပ်က ကျောင်းတောင်ကနေ ဇီးကုန်းကို တပ်ဆုတ်သွားပါပြီ။ အခု ကျောင်းတောင်ကို အေအေက ရသွားပါပြီ။ တိုက်ပွဲတွေကတော့ အနီးဝန်းကျင်မှာ ထပ်ပြီး ဖြစ်ပွားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ ဆပ်သွားကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာ နောက်ကြောကျောင်းတောင်ရွာ အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်နေသည်ဟု သိရသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်၍ ကျောင်းတောင်ကျေးရွာမှ ဒေါ်ညိုညို (၄၀) နှစ်၏ မိခင်မှာ သေဆုံးပြီး သူမမှာလည်း ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ပြောသည်။
“ ဒေါ်ညိုညိုက မိခင်ကို စျေးရောင်းပြီး ရှာဖွေကျွေးမွေးနေသူပါ။ အခု ရွာထဲမှာတိုက်ပွဲဖြစ်ပြီး မိခင်ဖြစ်သူက လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့ပါတယ်။ ဒေါ်ညိုညိုလည်း ခြေထောက်မှာ ကျည်စ ထိသွားတယ်လို့ သိရပါတယ်”ဟု ပြောသည်။
စစ်ကောင်စီရေတပ်ကလည်း အဆိုပါ ကျေးရွာတိုက်ပွဲသို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကူပေးခဲ့သော်လည်း အေအေက ကျောင်းတောင်ရွာကို သိမ်းပိုက်ကာ ကျန်ရှိနေသေးသည့် စစ်ကြောင်းများနှင့် စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/987231040110692