ဂွမြို့နယ်မှ ကျေးရွာအများအပြားကို AA ဆက်လက်သိမ်းပိုက်ထိန်းချုပ်(ဆပ်သွားရွာထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် ဒဏ်ရာရသူတွေရှိဟုဆို)

By Narinjara / 2024 November 18

အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ထိုးစစ်အား ဆက်လက် ဆင်နွှဲနေပြီး ယခုရက်ပိုင်းအတွင်း ဂျိုင်ကောက်၊ ဆားချက်လေး၊ ဆားချက်ကြီး၊ ရွှေဥကွင်းတို့ကို သိမ်းပိုက်ရရှိသွားပြီး ရွာသားများကို ကယ်ထုတ်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသည်ဟု သတင်းရရှိသည်။

“ လက်ရှိကတော့ ရွာတွေတော်တော်များများကို အေအေက သိမ်းသွားပါပြီ။ ဒီဆက်သွားအထက်က ဆိုရင် ဆားချက်လေး၊ ဆားချက်ကြီး၊ ရွှေဥကွင်းတို့ အကုန် အေအေလက်ထဲရောက်သွားပါပြီ။ တိုင်ကျိုးနဲ့ ဂျိုင်ကောက်ကရွာသားတွေကိုတော့ အေအေက ဘေးလွတ်ရာကို ရွှေ့ပြောင်းထားပြီး စားရေးသောက်ရေးက အစ တာဝန်ယူပေးထားလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် အဆိုပါ ကျေးရွာများမှ တစ်ဆင့် ဆက်လက်ပြီး ထိုးဖောက်လာရာ ဂွမြို့မှ (၁၀) မိုင်ခန့်အကွာ ချင်းကွင်းနှင့် ရွှေတွင်းတူးကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

AA၏ ထိုးစစ်မှာ ဂွမြို့အထိ နီးကပ်လာနေသဖြင့် စစ်ကောင်စီကလည်း အင်အားဖြည့်တင်းနေသည်ဟု သိရသည်။

“ တပ်မ ၄၄၊ ၆၆၊ ၇၇နဲ့ ၉၉ က စစ်သားတွေနဲ့ ဂွကို အင်အားဖြည့်ထားတယ်လို့ ကြားရတယ်။ ပီးရင် ကွင်းကောက်၊ ရေကြည်၊ ငသိုင်းချောင်းက စစ်မှုထမ်းသင်တန်းဆင်းတွေ များတယ်လို့ သိရပါတယ်။ နေ့တိုင်းလိုလို တိုက်ပွဲမှ သေတဲ့ စစ်သားတွေကို ၅၆၂ တပ်ရင်း ဘုန်းကြီးပင့်ပြီး သင်္ဂြိုလ်နေတာတွေ ရှိတယ်။”

စစ်ကောင်စီက ဂွမြို့ အခြေစိုက် ခမရ ၅၆၂ နှင့် ခမရ ၅၆၃ အပြင် နောက်ထပ်တပ်များဖြင့် အင်အားဖြည့်တင်းနေသည်ကို အတည်ပြုနိုင်သော်လည်း တပ်မ ၄၄၊ ၆၆၊ ၇၇နဲ့ ၉၉ မှ တပ်သားများဖြင့် အင်အားဖြည့်တင်းခြင်း ဟုတ်မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်းတော့မရှိပါ။

တန်ဆောင်းမုန်း လပြည့်နေ့ကလည်း ဆပ်သွားရွာရဲစခန်း အနီး ဦးမင်းထက်အောင်၊ ဒေါ်ယမုန်တို့ အိမ်ရှေ့တွင် လက်နက်ကြီးကျည် ကျည်တစ်လုံး ရောက်ပေါက်ကွဲပြီး ဗုံးစထိမှန် ဒဏ်ရာရရှိသွားကာ ဆေးကုသရန် အခက်အခဲရှိ၍ ဧရာ၀တီတိုင်း ငသိုင်းချောင်းသို့ ယူဆောင်သွားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/984670237033439

Leave a Reply

Your email address will not be published.