ဂွမြို့နယ်မှာ စစ်မြေပြင်သို့ ရိက္ခာပို့ခိုင်းတဲ့ အရပ်သားနှစ်ဦး ပျောက်ဆုံးနေ

By Narinjara / 2024 November 03

ဂွမြို့နယ်၊ ဆပ်သွားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာသား နှစ်ဦးအား ငွေ ၅သောင်းကျပ်ဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်သို့ ရိက္ခာပို့ခိုင်းရာမှ ၎င်းအရပ်သား နှစ်ဦးမှာပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဂျိုင်ကောက်ရွာမှ ကိုသန့်ဇင်ဦး (၃၀) နှစ်နှင့် ကိုချစ်ကြီး (၄၀) နှစ်တို့ ဖြစ်ကြသည်။

သူတို့နှင့် နီးစပ်သူ တစ်ဦးက “သူတို့ကို နိုဝင်ဘာ ၁ ရက်နေ့က ဆပ်သွားတံတားထိပ် ဇေယျဘုံသာကျောင်းမှာ စခန်းချထားတဲ့ စစ်တပ်က တစ်ယောက်ကို ငွေ ငါးသောင်းပေးပြီး ဆားချက်လေးရွာနားမှာ ရှိတဲ့ စစ်ကြောင်းကို ရိက္ခာသွားပို့ခိုင်းတာ။ ဒီနေ့ထိ ပြန်ရောက်မလာသေးလို့ မိသားစုတွေ အရမ်းစိုးရိမ်နေကြပြီ”ဟု ပြောသည်။

ဆားချက်လေးကျေးရွာသည် ဆပ်သွား အရှေ့ဘက် ရိုးတောင်ခြေရင်းတွင် တည်ရှိပြီး တစ်ရွာနှင့် တစ်ရွာ မိုင်အနည်းခန့် ကွာဝေးသည်ဟု သိရသည်။ အဆိုပါ ကျေးရွာအနီးတွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် တိုက်ခိုက်နေသည့် နေရာဟု လည်း သိရသည်။

အလားတူ အောက်တိုဘာလ ပထမအပတ်ကလည်း ဂျိုင်ကောက်ကျေးရွာမှ ကိုစိုးမိုးကြီးနှင့် ဇနီးဖြစ်သူတို့အား စစ်တပ်က ကုလားပြင်ကျေးရွာသို့ ရိက္ခာပို့ခိုင်းရာမှ ယနေ့အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသည်ဟု ၎င်းက ပြောကြားသည်။

ယခုလို တိုက်ပွဲဖြစ်ပွားနေသည့် အရပ်သားများကို ရိက္ခာများပို့ခိုင်းနေခြင်းမှာ အန္တရာယ်အလွန်များပြီး တိုက်ပွဲအတွင်း ကြားညှပ်ကာ သေသွားနိုင်သဖြင့် အရပ်သားများအား စစ်မြေပြင်တွင် ရိက္ခာ ပို့ဆောင်ခိုင်းခြင်းကို မပြုလုပ်သင့်ဟု ၎င်းက ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/973095434857586

Leave a Reply

Your email address will not be published.