By Narinjara / 2024 November 21
ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသော တိုက်ပွဲအတွင်းသို့ စစ်ကောင်စီ နေဗီက ပစ်ကူမှုများပြုလုပ်ပေးနေသည်ဟု သတင်းရရှိသည်။
“ ဒီနေ့မနက်တော့ ချင်းကုန်းကျေးရွာနဲ့ ရွှေတွင်းတူရွာနောက်ကြောမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီရွာတွေနောက်က ဖာလာတောင်ကြောကို နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းချင်းကုန်းနှင့် ရွှေတွင်းတူးကျေးရွာသည် ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့်အကွာတွင် တည်ရှိသောကျေးရွာများဖြစ်ကြပြီး ယခုရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများအနီးရှိရဟိုင်းဖျား၊ မြွေတွေ့၊ ကွင်းလျှားရှည်၊ ကျောင်းကုန်းနှင့်ရဟိုင်းကွင်းကျေးရွာများမှ ရွာသားများကို ရွာကနေထွက်သွားကြရန်စစ်ကောင်စီက အမိန့်ထုတ်ထားပြီး ၎င်းကျေးရွာများတွင် စစ်ကောင်စီတပ်က ဝင်ရောက် နေရာယူမှုများလည်း ရှိနေသည်ဟု ပြောဆိုသည်။
လက်ရှိတွင် ဂွမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ကင်းလှည့်နေပြီး ပင်လယ်ပြင်တွင်သာမက ချောင်းတွင်းကို ညဖက် ငါးမဖမ်းရ အမိန့်ထုတ်ထားသည်ဟု ၎င်းက ပြောဆိုသည်။
လက်ရှိဖြစ်ပွာနေသည့် တိုက်ပွဲများမှာ ဂွမြိုနှင့် နီးကပ်လာသဖြင့် AA ထိုးစစ်ကို ခုခံရန် စစ်ကောင်စီဘက်ကလည်း အကြီးအကျယ် ခုခံရန် အင်အားများဖြည့်တင်ပြီး ပြင်ဆင်ထားသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/986990656801397