By Narinjara / 2024 October 20

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (BE)ကို အာရက္ခတပ်တော် (AA) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲ၍ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးသွားခဲ့သည်ဟု ခိုင်လုံသည့် ဒေသခံ စစ်ရေးသတင်းမြစ်အရ သိရသည်။
“တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကလည်း အပြင်းအထန်ခုခံနေတယ်။ ဒါပေမဲ့ အေအေ ရဲ့ လက်နက်ကြီးကျဉ်က မနေ့က BE တပ်ကို ကျတယ်။ လူပျိုဆောင်ပြိုပျက်သွားတယ်။ တပ်ကြီး တစ်ဦး အပါအဝင် ၆ ဦး သေတယ်လို့သိရတယ်” ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီကလည်း ဂျက်ဖိုက်တာဖြင့် အမ်းမြို့၊ မြို့သစ် နောက်တောင်တန်းနှင့် အမ်းမြို့ပတ်လည်ကို ဗုံးကြဲနေသည်ဟု သိရသည်။
“ တိုက်ပွဲက ပြင်းနေတယ်။ သေနတ်သံတွေနဲ့ ဆူညံနေတယ်။ အခုက အမ်းမြို့တွင်းထဲမှာ အိမ်ထက်မှာ နေသူထက် ဗုံးခိုကျင်းမှာ နေသူများနေပြီ”ဟု သူကပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နေ ပြည်သူများနှင့် ဝန်ထန်းများမှာ မြို့တွင်းကနေ ထွက်ခွာခွင့်မရတော့သဖြင့် အလွန်စိုးရိမ်စရာဖြစ်နေကြောင်း၊ မြို့အနီးအနားကို ဂျက်ဖိုက်တာဖြင့် နေ့ရောညပါ ဗုံးကြဲနေပြီး ကလေးသူငယ်များနှင့် မွေးခါစ ကလေးအမေတွေလည်း စိတ်တွေဂယောင် ရှောက်ရှားလန့်ပြီးဖြစ်နေကြရကြောင်း နောက်ဒေသခံတစ်ဦးက ပြောသည်။
နပခဌာနချုပ်၏ အစွန်အဖျားတပ်စခန်းအချို့ကို ယခုရက်ပိုင်းအေအေမှ ထိုးစစ်ဆင် သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သဖြင့် စစ်ကောင်စီက လေကြောင်းကနေ နပခဌာနချုပ်၏အနီးပတ်ဝန်းကျင်ကို တစ်နေ့ကို အကြိမ်ရေ ၃၀ ထက်မနည်း လေယာဉ်များဖြင့် လာရောက် ဗုံးကြဲနေသည်ဟု ဒေသခံများက ပြောကြားသည်။
အဆိုပါ စစ်သား ၆ ဦးသေဆုံးသွားမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းရန် မလွယ်ကူသဖြင့် သီးခြားအတည်ပြုရန် ခက်ခဲနေပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခအားလည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။
https://www.facebook.com/narinjara.info/posts/962073212626475