By DMG / 2024 October 16

ဇွန်လ ၂၅ ရက်တွင် စသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၄ လတာအတွင်း တအာင်းတပ် (TNLA) သည် ရှမ်းမြောက်ဒေသရှိ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့များကို အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ (၂၃)တပ် စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲ တစ်နာရီတွင် သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် TNLA က တရားဝင်ထုတ်ပြန်ထားသည်။
TNLA နှင့် မဟာမိတ်တပ်များသည် သီပေါမြို့နယ်ရှိ တပ်စခန်းများကို ဇူလိုင် ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်လကျော်အကြာတွင် ခမရ (၅၀၃)၊ ခမရ (၅၀၄)နှင့် ခလရ (၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ဖြင့် (၁၀၅) ကြိမ်၊ Y12 ဖြင့် (၁၆၇) ကြိမ်၊ လက်နက်ကြီးဖြင့် (၁,၈၉၃) ကြိမ်၊ ရော့ကတ် ဒုံးကျည်ဖြင့် (၈)ကြိမ်နှင့် ဟောင်၀ိဇာဖြင့် (၈) ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်။
ထို့အပြင် သီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12 ဖြင့် (၇၉) ကြိမ်၊ Y8 (၂) ကြိမ်၊ Mi17 (၅) ကြိမ် လက်နက်ခဲယမ်းများ (၄၄၀)ထုပ် လာရောက်ကြဲချခဲ့ကြောင်း TNLA က ဆိုသည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာ အမြောက်များအပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ ၆၀ မမ ၇ လက်၊ ၈၁ မမ ၁ လက်၊ RPG ၂ လက်၊ စက်လတ် ၉ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃) ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း (၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး မီးလောင်ပျက်စီးသွားခဲ့သည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈) ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားချင်းစာနာထောက်ထားသော အားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/942045827969014