By Narinjara / 2024 October 29
အနောက်ပိုင်းစစ်ဌာနချုပ်တည်ရှိသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် ယမန်နေ့က ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သိရသည်။
မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားသူမှာ တပ်တောင်မြို့၊ အမှတ်(၂) ရပ်ကွက်နေ ဦးတင်မင်းထွန်း၏သား မောင်ရဲထွန်း(၁၂)နှစ်ဖြစ်သည်။
မောင်ရဲထွန်းသည် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်က သူငယ်ချင်းတစ်ဦးနှင့်အတူ ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်ခဲ့သည့် တောင်ကုန်းပေါ်သို့ ငါးမျှားတံ (ရခိုင်အခေါ် ကိုင်းတံ)ခုတ်ရန်သွားရောက်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု APM သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် မောင်ရဲထွန်းတွင် ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်တွင်လည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဟု သိရသည်။
လက်ရှိတွင် ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။
အသေးစိတ်ကို သိရှိနိုင်ရန် တပ်တောင်မြို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်း ပြတ်တောက်နေ၍ အဆက်အသွယ်မရခဲ့ပါ။
ရခိုင်တွင် စစ်ကောင်စီက သူတို့တပ်စွဲခဲ့သော နေရာများနှင့် တောတောင်များ၊ လယ်ကွင်းများနှင့် တာဘောင်များတွင် မြေမြှုပ်မိုင်းထောင်ထားခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ မကြာမကြာဆိုသလို မိုင်းနင်းမိခြင်းများ ရှိနေသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ အုန်းတောရွာမှ ကိုမောင်မောင်ချေ(၂၅)နှစ်သည် ရွာအနီးတောင်တွင် ဟင်းရှာသွားစဥ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သေးသည်။
https://www.facebook.com/narinjara.info/posts/969187918581671