အမ်းမြို့အနီးရှိ ကျေးရွာ ၅ရွာကို စစ်ကောင်စီက ဗုံးကြဲချပေမယ့် တိုက်ပွဲမှာရပ်မသွားဘဲ ဆက်လက်ပြင်းထန်နေ

By Narinjara / 2024 October 19

အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အနီးရှိ ကျေးရွာ (၅) ရွာကို စစ်ကောင်စီက ဗုံးကြဲသော်လည်း အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ရပ်မသွားဘဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသအတွင်းမှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ ရက် ည ၉နာရီကျော်အချိန်တွင် အမ်းမြို့အနီးရှိ ကြောင်ဖြူကွင်း၊ ရပ်သာရွာသစ်၊ ပျဉ်းတောကြီး၊ ဂွေးကိုင်းနှင့် ရပ်သာရွာဟောင်းတို့ကို စစ်ကောင်စီ လေယာဉ်များက အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးများကြဲချခဲ့သည်ဟု စစ်ရေးစောင့်ကြည့်နေသူ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ လက်နက်ကြီးနဲ့ ပစ်တယ်တယ်။ နောက်ပိုင်း လေယာဉ်နဲ့လာပြီး အဲဒီရွာတွေကို အကြိမ် ၂၀ ထက်မနည်း ဗုံးတွေကြဲချတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးကုန်တယ်။ ဒါပေမယ့် တိုက်ပွဲက ရပ်မသွားဘူး တစ်ညလုံးဖြစ်တယ်” ဟု ၎င်းက နိရဉ္စရာကို ပြောသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် ကြောင်ဖြူကွင်းလမ်းဆုံဂိတ်အနီးနှင့် COD (စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်) နားတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲချသော်လည်း တိုက်ပွဲမှာ မရပ်သွားဘဲ တစ်ညလုံး ဆက်လက် ဖြစ်ပွားနေခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

” ည ၉ နာရီကျော်လောက်မှာ အမ်းမြို့သစ်နောက်ဘက် တောင်တန်းတွေလည်း စစ်ကောင်စီ လေတပ်က ဗုံးကြဲတယ်။ ပြီးတော့ ရပ်သာ၊ ကြောင်ဖြူကွင်း၊ ဂွေးကိုင်းတို့ ကိုလက်နက်ကြီး ပစ်တယ်။ တိုက်ပွဲပြင်းလာတော့ လေကြောင်းကပါ ဗုံးချတယ်။ ညဆိုတော့ ဗုံးချတဲ့ မီးတွေကို မြင်ရတယ်။ သူတို့ ဗုံးကြဲတုန်းက ကြောင်ဖြူကွင်းလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီစခန်းကို အေအေက ဝင်တိုက်ပြီး COD နဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (BE)မှာပါ တိုက်ပွဲ ဖြစ်နေတယ်”ဟု သူက ဆိုသည်။

စစ်ကောင်စီ၏စခန်းတစ်ခုဖြစ်သော ကြောင်ဖြူကွင်းလမ်းဆုံစခန်းကို AA ကဝင်တိုက်ပြီး တပြိုက်နက်တည်းတွင် COD နဲ့ BE တို့ကိုပါ တိုက်ပွဲဖြစ်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် (နပခ) နှင့် နီးကပ်နေပြီး နပခထဲကိုလည်း AA က လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေသလို စစ်ကောင်စီ လေတပ်ကလည်း အမ်းမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို အနည်းဆုံး ဂျက်ဖိုက်တာ ၄ စီးခန့်ကို အသုံးပြုကာ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ညက ဗုံးကြဲခံရသည့် ကျေးရွာများမှ ရွာသားများမှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ကြပြီဖြစ်သဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သော်လည်း ရွာသားများထိခိုက်မှု မရှိကြောင် နောက်ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/961093986057731

Leave a Reply

Your email address will not be published.