အညာဒေသတွင် စစ်ရေးဖော်ဆောင်တော့မည်ဟု BPLA အသိပေး

By DMG / 2024 October 28

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) အနေဖြင့် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း BPLA ၏ တာဝန်ခံ မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ယက်တွင် အသိပေးရေးသားထားသည်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည့် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် BPLA ၏ တာဝန်ခံ မောင်ဆောင်းခက ယခုကဲ့သို့ အသိပေးရေးသားထားခြင်းဖြစ်သည်။
“ ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို ယုံကြည်မျှော်လင့်ပါတယ်” ဟု ရေးသားထားသည်။
ယင်းအပြင် BPLA အနေဖြင့် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဦးဆောင်မှုအောက်တွင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ များစွာတိုးတက်ဖြစ်ပွားခဲ့ပြီး အဆိုပါကျေးဇူးကို မည်သည့်အခါမှ မေ့မည်မဟုတ်ကြောင်း မောင်ဆောင်းခက ဆိုသည်။
BPLA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို တက်နိုင်သရွှေ့ကူညီသွားမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲဖြစ်သည့် အာရက္ခတပ်တော်(AA) ၊ တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA)တို့က ထုတ်ဖော်ပြောဆိုထားသည်။
ကရင်ပြည်နယ်အခြေစိုက် BPLA သည် ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်များဖြင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီး ကရင်နှင့် ပဲခူးတိုင်း တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ အာဏာသိမ်းပြီးနောက် သုံးလခန့်အကြာ ဧပြီ ၁၇ ရက်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ရန် ဗမာလူမျိုးကိုယ်စားပြုအဖြစ် BPLA ကို ဖွဲ့စည်းခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/950907120416218

Leave a Reply

Your email address will not be published.