သီပေါမြို့ တပ်ရင်း(၃) ကို TNLA အပြီးသတ်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်

By Narinjara / 2024 October 16

ရှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် မရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း အလုံးစုံ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သီပေါမြို့ကို တအာင်းတပ်မတော် PSLF/TNLA မှ ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးလိုက်နောက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စစ်ဆင်ရေးအတွင်း မြို့ ၅ မြို့ကို တအာင်းတပ်မတော် PSLF/TNLA က ထိန်းချုပ်လိုက်ပြီဖြစ်သည်။

၎င်းမြိုများမှာ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ ဖြစ်ကြသည်။

သီပေါမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ဇူလိုင်လ ၂၀ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သည်။

(၂)လကျော်အကြာ တိုက်ခိုက်ပြီးနောက် ခမရ (၅၀၃)၊ ခမရ(၅၀၄)၊ ခလရ(၂၃)တပ်စခန်း၊ ရဲစခန်း အပါအဝင် အစိုးရ ဌာနဆိုင်ရာရုံးများအား အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်း (၁း၀၀)နာရီအချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည် PSLF/TNLA အောက်တိုဘာ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်း ရမိခဲ့သည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရ၊ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်။

၎င်းပြင် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် (၈)ကြိမ်နှင့် ဟောင်၀ိဇာ (၈)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်။ သီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8 (၂)ကြိမ်၊ Mi17 (၅)ကြိမ် လက်နက်ခဲယမ်းများ(၄၄၀)ထုပ် လာရောက်ကြဲချခဲ့သည်။

TNLA သည် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသော အားဖြင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

၎င်းပြင် လူသားချင်းစာနာသောအားဖြင့် သီပေါမြို့ ရှိ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA က အောက်တိုဘာ ၁၂ ရက်နေ့ကပြန်လွှတ်ပေးခဲ့ကား ကား ၄ စီးဖြင့် ပြန်ပို့ခဲ့ကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/958631949637268

Leave a Reply

Your email address will not be published.