By Narinjara / 2024 October 16
ရခိုင်ပြည်၊ မောင်တောမြို့က ဒေါ်စန်းစန်းမြင့်မှာ သားနှစ်ဦးရှိပြီး သားငယ်ဖြစ်သူကတော့ အာရက္ခတပ်တော်ထဲကို ဝင်ရောက်သွားပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင် ကြာညိုပြင်၊ စိုင်းဒင်တံတားတိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။
သူ့နာမည်ကို အများစုက ထိုင်းမင်းသားလို့ခေါ်ပြီး သူတိုက်ပွဲမှာ ကျဆုံးသွားခဲ့တာကို မိခင်ဖြစ် ဒေါ်စန်းစန်းမြင့်က လေးငါးရက်အကြာမှာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ မောင်တောမြို့မှာ သားကြီးဖြစ်သူ အသက် (၂၅) နှစ်အရွယ် မောင်သိန်းကျော်ဌေး(ခ) ဇီးကွက်ချေနဲ့ အတူနေရင်း ၃ လကျော်အကြာ မေလ (၁၀) ရက်နေ့မှာ ကံကြမ္မာဆိုးတစ်ခု ထပ်မံဝင်ရောက် လာခဲ့တယ်လို့ ပြောပြပါတယ်။
အဲဒီနေ့ မနက်မှာ သားကြီးဖြစ်သူ မောင်သိန်း ကျော်ဌေး(ခ) ဇီကွက်ချေကို မောင်တောမြို့ အမှတ်(၃)ရပ်ကွက်၊ ဝိမလမှာ မုန့်လာဝယ်နေတုန်း နယ်ခြားစောင့်တွေနဲ့ စစ်သားတွေက ရိုက်ပုတ်ဖမ်းဆီးပြီး တစ်ခြားလူငယ် ၄ ဦးနဲ့အတူ သူ့ကို မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်ရဲ့ ရှေ့က ကြိုးနဲ့ချည် ခေါ်ယူသွားခဲ့ပါတယ်။ အခုအချိန်ထိ အဲဒီ လူငယ် ၅ ဦးဟာ မိဖတွေနဲ့ အဆက်အသွယ်မရ ပျောက်ဆုံးနေပြီး သေသလား၊ ရှင်နေသလားဆိုတာကို မသိရဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီလို သားဖြစ်သူကို ရိုက်ပုတ်ထုထောင်းပြီး ကြိုးနဲ့ ချည်နှောင် ခေါ်ယူသွားတဲ့ မြင်ကွင်းက မိခင်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းမြင့် အနေနဲ့ ဒီနေ့အချိန်ထိ မျက်လုံးထဲမှာ မေ့ဖျောက်မရ မြင်ယောင်နေဆဲဖြစ်ပြီး သားဖြစ်သူကို ဘယ်လိုမှ ကယ်မရလိုက်တဲ့အပေါ် အခုအချိန်ထိ သူမအနေနဲ့ ဖြေမဆည်နိုင်ဘဲ ကြေကွဲနေရဆဲ ဖြစ်နေရပါတယ်။
ဒီရုပ်သံဖိုင်မှာတော့ ဒေါ်စန်းစန်းမြင့်ရဲ့ ရင်နှင့်စရာ ဘ၀ရုပ်ပုံလွှာနဲ့ သူမရဲ့ ဖွင့်ဟပြောဆိုချက်တွေကို ရခိုင်ဘာသာစကားနဲ့ နားထောင်ကြရမှာဖြစ်ပါတယ်။
နိရဉ္စရာသတင်းဌာနက နောင်မင်းသူ မေးမြန်းထားပါတယ်။