မလေးရှားမှ နေရပ်ပြန် ရခိုင်အမျိုးသားနှစ်ဦး ရန်ကုန်မှာ ပျောက်ဆုံးနေ

By Narinjara / 2024 October 12

မလေးရှားနိုင်ငံမှ နေရပ်ပြန်ပို့ခံရသည့် ရခိုင်အမျိုးသားနှစ်ဦးသည် ရန်ကုန်တွင် ပျောက်ဆုံး နေသည်မှာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။

ပျောက်ဆုံးနေသူများမှာ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်ညိုကျွန်းကျေးရွာမှ အသက်(၄၄)နှစ်အရွယ် ဦးမောင်အေးသန်းနှင့် (အမည်မသိရသူ) ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

သူတို့နှစ်ဦးမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်၊ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုတွင်တည်းခိုနေရာမှ ပျောက်ဆုံး သွားခြင်းဖြစ်သည်ဟု သိရသည်။

“အပြင်ထွက်သွားတာကနေ အဆက်သွယ်မရဘဲ ပျောက်နေတာပါ။ ရွာပြန်ဖို့အတွက် လေယာဥ်လက်မှတ်လည်း ခံထားပြီးပြီ။ ပြန်လာတော့မယ်ဆိုပြီး မျှော်နေတာပေါ့နော်။ နောက်တစ်ရက်ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားတယ်ချည်းပြောတယ်။ အခုထိ အဆက်အသွယ်လုံးဝမရဘူး”ဟု ပျောက်ဆုံးနေသည့် ဦးမောင်အေးသန်း၏ မိသားစုဝင် တစ်ဦးကပြောသည်။

လက်ရှိတွင် ခုနစ်ရက်ကျော်ကြာ အဆက်အသွယ်မရဘဲ လုံးဝပျောက်ဆုံးနေ၍ မိသားစု ဝင်များမှာ စိုးရိမ်စိတ်ပူနေကြောင်းလည်း သူက ဆက်ပြောသည်။

ပျောက်ဆုံးနေသူတို့မှာ မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေစဥ် မလေးရှားအာဏာပိုင်များနှင့် ရဲပူးပေါင်းတပ်ဖွဲ့တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီးနောက် အချုပ်ရက်စေ့၍ မြန်မာနိုင်ငံ ရန်ကုန်သို့ လေယာဉ်ဖြင့် စက်တင်ဘာ နောက်ဆုံးအပတ်က ပြန်ပို့ခံခဲ့ရသည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် မလေးရှားတွင်ရွေ့ပြောင်းလုပ်ကိုင်နေသူများကို မလေးရှားအာဏာပိုင်တို့က ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်လိုက်ပြီးနောက် အိမ်ပြန်မရောက်ဘဲ ရန်ကုန်တွင်ပျောက်ဆုံးနေသည့် ရခိုင်လူမျိုးများလည်း ​နောက်ထပ်ရှိနေသေးကြောင်း မလေးရောက် လူမှုအဖွဲ့အစည်းများထံမှ တစ်ဆင့် သိရသည်

သူတို့ နှစ်ဦးကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟုလည်း သူတို့နှင့် ဆက်နွယ်နေသည့် အသိုင်းအဝိုင်းအကြားတွင် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။

https://www.facebook.com/narinjara.info/posts/955337569966706

Leave a Reply

Your email address will not be published.