By DMG / 2024 October 20

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် (အောက်တိုဘာ ၁၇ ရက်နှင့် ၁၉ ရက်နေ့) နှစ်ရက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ် ( TNLA) က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့ရှိ တောင်ရပ်ကွက်နှင့် ပါဟတ်ရပ်ကွက်ကို အောက်တိုဘာ ၁၉ ရက်၊ နံနက် ၅ နာရီကျော်တွင် လေကြောင်းဖြင့် လေးကြိမ်အထိ လာရောက်ဗုံးကြဲခဲ့၍ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တောင်ရပ်ကွက်သို့ နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ပြီး နေ့လယ် ၂ နာရီတွင် ပါဟတ်ရပ်ကွက်သို့ ပေါင် ၅၀၀ ဗုံးဖြင့် တစ်ကြိမ်၊ ပေါင် ၃၀၀ ဗုံးဖြင့် တစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့သည် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၇ ရက်ကလည်း ည ၁၀ နာရီခန့်တွင် နောင်ချိုမြို့ သဖန်းကိုင်းရပ်ကွက်သို့ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့၍ အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
လေကြောင်းတိုက်ခိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူများကို TNLA က ဆေးဝါးကုသပေးနေကြောင်း သိရသည်။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်နေ၍ အရပ်သား ထိခိုက်သေဆုံးမှု နေ့စဉ်မြင့်တက်နေသည်။
မြေပြင်တိုက်ပွဲများတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများအား လေကြောင်းမှ တိုက်ခိုက်ခြင်းမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ထိရောက်စွာအရေးယူသင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
https://www.facebook.com/dmgnewsagency/posts/945218520985078