ဆက်သွယ်ရေးလိုင်း ပြတ်နေသည့် ရခိုင်ဒေသတွင် သတင်းစီးဆင်းမှု နှောင့်နှေးလာ

By DMG / 2024 October 31

သတင်းဂျာနယ် ဖတ်နေသည့် ရခိုင်ပြည်သူတစ်ဦး။ (ဓာတ်ပုံ – ပေးပို့)

တိုက်ပွဲပြင်းထန်နေသော ရခိုင်ဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေ၍ သတင်းသမားများမှာ သတင်းလုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ် နေကြသည်။

လက်ရှိ မြေပုံမြို့တစ်ခုတည်းတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းရရှိပြီး ကျောက်ဖြူမြို့တွင် နေရာကွက်ကျား ရရှိကာ ကျန်မြို့နယ်များတွင် ဆက်သွယ်‌ရေးလုံးဝပြတ်တောက်နေသည်။

‌ဒေသတွင်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် သတင်းသမားများနှင့် သတင်းမီဒီယာများလုပ်ငန်းမှာ အချိန်နှင့်တပြေးညီ သတင်းများမတင်ဆက်နိုင်တော့ဘဲ အခက်အခဲများစွာ ကြုံတွေ့ နေကြရသည်။

“ဘယ်နေရာမှာ ဘာဖြစ်နေလဲဆိုတာကိုတော့ သိရတယ်။ သတင်းတစ်ခုဖြစ်ရင် ဆက်သွယ်လို့မရတော့ သတင်းကလည်း ဆက်ရေးလို့ မရဘူးဖြစ်နေတယ်။ သတင်းတွေကို ပုံမှန် မရယူနိုင်ဘူး” ဟု ရခိုင်အခြေစိုက် သတင်းထောက် မခင်သရဖီဦးက ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲများကြောင့် သတင်းမီဒီယာလုပ်ငန်းများ အဆင်မပြေဖြစ်နေကြပြီး မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို အများပြည်သူသိရှိအောင် အချိန်နှင့်တပြေးညီ မတင်ဆက်နိုင်၍ သတင်းစီးဆင်းမှု နှောင့်နှေးလျက်ရှိနေသည်။

တစ်ဖက်တွင်လည်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး သတင်းမီဒီယာများမှ အချိန်နှင့်တပြေးညီ သတင်းမှန်မတင်ဆက်နိုင်ခြင်းကြောင့် သတင်းတု၊ သတင်းများပြန့်လာနေသဖြင့် ပြည်သူများကြား စိုးရိမ်မှု ရှိနေကြသည်။

” လူတွေဆီက ကြားသတင်းလောက်ပဲရတယ်။ ကျမတို့က မီဒီယာတွေမှာတင်တဲ့ တိကျခိုင်လုံတဲ့ သတင်းတွေကိုပဲ သိချင်တာ။ အခုက မြေပြင်မှာ ပြန့်နေတဲ့ သတင်းမှားတွေကိုပဲ နားထောင်နေရတယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် ပြည်သူများမှာ သတင်းသိရှိပိုင်ခွင့်ဆုံးရှုံးနေကြရပြီး သတင်းအချက်အလက် သိရှိနိုင်ရန် တစ်ဦးထံမှတစ်ဦး တစ်ဆင့်ခံ စားသုံးနေကြရသည်။

ဖုန်းလိုင်းဆက်သွယ်ရေးများကို ဖြတ်တောက်ထားခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားစီးရာ ရောက်သလို ပြည်သူများအပေါ်မှာလည်း သတင်းအမှောင်ချလိုက်ခြင်းကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြသည်။

ရန်ကုန်မှ အလွတ်တန်းသတင်းထောက်တစ်ဦးက “ပဋိပက္ခဖြစ်နေတဲ့ နေရာမှာ အခုလို သတင်းအမှောင် ချတာဟာ လူသတ်နည်း တမျိုးဖြစ်တယ်။လုံးဝကို လူ့အခွင့်အရေး ချိုးဖောက်နည်းတစ်ခု။ ရခိုင်ဒေသက သတင်းသမား အချင်းချင်းမှာတောင် ဘာတွေဖြစ်နေလဲဆိုတာကို သတင်းမျှဝေဖို့ ခက်တယ်” ဟု ပြောသည်။

အာဏာသိမ်းချိန်မှစ၍ နိုင်ငံတစ်ဝန်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် မြို့နယ်ပေါင်း ၈၇ ခုအထိရှိပြီး စစ်ကိုင်းတိုင်းက ၂၇ မြို့နယ်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၁၇ မြို့နယ်ဖြင့် ဒုတိယ အများဆုံးဖြစ်ကြောင်း Athan – အသံအဖွဲ့၏ အစီရင်ခံစာက ဖော်ပြသည်။

https://www.facebook.com/dmgnewsagency/posts/952926893547574

Leave a Reply

Your email address will not be published.