By Narinjara / 2024 October 29
ဂွမြို့နယ် မြောက်ပိုင်း ဆပ်သွားသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ထိုးဖောက် ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်စီက တပ်အင်အားကို ဖြည့်တင်းထားသည်ဟု သတင်းရရှိသည်။
လက်ရှိ စစ်ကောင်စီက ကား ၇ စီးခန့်ဖြင့် အင်အားဖြည့်ထားသည့် ကျေးရွာများမှာ ဂျိုင်ကောက်နှင့် ဆပ်သွားကျေးရွာ၏ နောက်ကြောဘက်တွင် တည်ရှိသည့် ဆားချက်ကြီး ဆားချက်လေး၊ ကျောင်းတောင်ရွာ အထက်၊ ဆင်ကူးနှင့် ကျောက်ချပ်တို့ ဖြစ်ကြောင်း ဒေသအတွင်းက စစ်ရေးရင်းမြစ်သတင်းများအရ သိရသည်။
“ အခု အေအေက တောလမ်းအတိုင်း ဝင်ရောက်လာမှာကို စိုးရိမ်ပြီး လမ်းကြောင်း တစ်လျှောက် စစ်တပ်အင်အားတိုးထားတာကို တွေ့ရတယ်။ ဆားချက်ကြီး၊ ဆားချက်လေး၊ ကျောင်းတောင်တို့ ဆိုတာ ဆပ်သွားရွာရဲ့ အရှေ့ဘက် ရိုးမ ခြေရင်းမှာတည်ရှိတဲ့ ရွာတွေ၊ အဲဒီကနေ အရင်ကားလမ်း မပေါက်ခင်က ဂွထိ သွားလို့ ရတဲ့ တောလမ်းရှိတယ်။ ဒီလမ်းကို သူတို့ စစ်တပ်က ပိတ်ဖို့ကြိုးစားတာ”ဟု ပြောဆိုသည်။
လက်ရှိတွင် တိုင်ကြိုးကျေးရွာတွင် စစ်ကောင်စီနှင့် အေအေတို့ နှစ်ဘက်ထိပ်တိုက် ရင်ဆိုင်ထားပြီး ယနေ့နံနက်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
“အေအေက ကြွေချိုင်ကို ရသွားပါပြီ။ စစ်တပ်က အဲဒီကနေ နောက်ဆုတ်ပြီး တိုင်ကြိုးရွာ တောင်ဘက် ပုဂံဘုးရားတောင်အနီးမှာ ကင်းပုန်းဝပ်နေတယ်လို့ သိရတယ်။ ဂျိုင်ကောက်ကို မရောက်ခင်ပေါ့။ အေအေကတော့ တိုင်ကျိုး မြောက်ဘက်မှာ ရှိနေတယ်လို့ သိရတယ်။ အခု နေဗီကကနေ လက်နက်ကြီးနဲ့ ပစ်နေတာက သရက်တောင်လို့လည်း ခေါ်တယ်။ ဂျပန်ကုန်း နေရာကို လက်နက်ကြီးနဲ့ ဒီနေ့ မနက်ကနေ အဆက်မပြတ် ပစ်ခတ်နေတယ်။ အဲဒီနားမှာ အဘယမုဒြာ ဘုရားကြီး တစ်ဆူရှိတယ်။ မနက်ကနေ ပစ်နေတာ ၁၅ လုံး ရှိနေပြီ “ဟု ပြောသည်။
လက်ရှိ အမြောက်ဖြင့် ပစ်ခတ်နေသည့် နေဗီမှာ ယခင်နေဗီများထက် အရွယ်အစားကြီးမားပြီး ဂွချိုင်ဟု ခေါ်သည့် တင်းတောချိုင် ပင်လယ်ပြင်မှ နေ၍ ပစ်ခတ်နေသည်ဟု ဆိုသည်။
စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက “ လက်ရှိ တိုက်ပွဲအနေအထားအရ အေအေက စိတ်ဓာတ်ပိုင်းရသာတယ်။ တိုက်ရည် ခိုက်ရည်လည်း ကောင်းတယ်။ စစ်တပ်က ကျတော့ စစ်သားတွေ တိုက်လို ခိုက်လိုစိတ် မရှိဘူး ဖြစ်နေတယ်။ တိုက်ပွဲ ဖြစ်ရင် ထွက်ပြေးတာ၊ နောက်ဆုတ်တာတွေများနေတယ်။ ဒါပေမယ့် ဂွမြို့ဘက်ကို နီးကပ်လာလေလေ နယ်မြေပထဝီအနေအထားက ကျဉ်းလာတော့ စစ်တပ်က အင်အားအများအပြားနဲ့ တားဆီးပြီး ခုခံဖို့လုပ်နေတယ်။ ပီးရင်း သူတို့ (စစ်တပ်) မှာ လေတပ်ရော၊ ရေတပ်ပါ ဝင်တိုက်တယ်။ ဂွတိုက်ပွဲက ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး” ဟု နိရဉ္စရာကို ပြောသည်
သို့သော်လည်း စစ်ကောင်စီ စစ်သားများမှာ အေအေနှင့် တိုက်ရမည်ကို စိုးရိမ်ထိတ်လန့်နေပြီး စိတ်ဓာတ်ပျက်ပြားနေသဖြင့် တစ်ပတ်အတွင်းတွင် ကျေးရွာအများအပြားကို တစ်ခုပြီး တစ်ခု လက်လွှတ်ကာ ဂွမြို့ဘက်သို့ ဆုတ်ခွာလာခဲ့ကြရသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/969134155253714