By DMG / 2024 September 22
အာရက္ခပြည်အတွင်းက အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ဈေးနှုန်းတွေထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး(အစိမ်း)၊ အာလူးနဲ့ ကြက်သားဈေးနှုန်းတွေဟာ ဒီတစ်ပတ်အတွင်းမှာ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရပါတယ်။
စက်တင်ဘာလ ဒုတိယအပတ်နဲ့ တတိယအပတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကြက်သွန်နီ ၁ ပိဿာ ၂၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ ၁ ပိဿာ ၃၅,၀၀၀ ကျပ်ကနေ ၃၃,၀၀၀ ကျပ်အထိ၊ ဂျင်း ၁ ပိဿာ ၆၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်အထိ၊ ငရုတ်သီး(အစိမ်း) ၁ ပိဿာ ၄၀,၀၀၀ ကျပ်ကနေ ၂၇,၀၀၀ ကျပ်အထိ၊ အာလူး ၁ ပိဿာ ၁၂,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်အထိ၊ ကြက်သား ၁ ပိဿာ ၅၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်အထိ ဈေးနှုန်းအသီးသီး ကျဆင်းသွားတာဖြစ်ပါတယ်။
ဒီတပတ်အတွင်း ထူးခြားချက်အနေနဲ့ ကွမ်းရွက်ဈေးနှုန်းဟာ ဆက်လက်မြင့်တက်သွားခဲ့ပြီးတော့ ကွမ်းရွက် ၁ ပိဿာကို ပြီးခဲ့တဲ့အပတ်က ၈၀,၀၀၀ ကျပ်ကနေ အခု ၈၇,၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိပါတယ်။
င/နီတူခြောက်ဈေးနှုန်းကလည်း အခုအပတ်အတွင်း ဈေးကွက်မှာ ပြတ်လုနီးပါးဖြစ်နေပြီးတော့ ပြီးခဲ့သည့်အပတ်က င/နီတူခြောက် ၁ ပိဿာ ၂၆,၀၀၀ ကျပ် ဈေးနှုန်းကနေ အခု ၄၀,၀၀၀ ကျပ်အထိ ဈေးခုန်တက်သွားခဲ့ပါတယ်။
ရွှေပုဇွန်ကတော့ အခုအပတ်အတွင်း ဈေးကွက်မှာ လုံးဝပြတ်လပ်လျက်ရှိပြီးတော့ ပြီးခဲ့တဲ့အပတ်က ၃၅,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့တာပါ။
အခုဖော်ပြတဲ့ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ ရခိုင်ပြည်မြောက်ပိုင်းဈေးကွက်ကို အခြေခံဖော်ပြထားတာဖြစ်ပြီးတော့ မြို့နယ်အလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားတာတွေတော့ ရှိနိုင်ပါတယ်။