By DMG / 2024 September 25
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ဒေသခံများမှာ သွင်းအားစုစရိတ်အပြင် မျိုးစေ့များပါ အခက်ခဲရှိနေကြောင်း ပြောသည်။
ပြီးခဲ့သည့်နှစ်က ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်းခဲ့၍ ယခုနှစ်အတွက် မျိုးစေ့ရှာမရခြင်း၊ စိုက်ပျိုးမြေအတွင်း မိုင်းအန္တရာယ်နှင့် လုပ်သားရှားပါးမှုတို့ကြောင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရန် များစွာခက်ခဲနေကြသည်။
ရခိုင်မြောက်ပိုင်းတွင် ဆောင်းသီးနှံ အများဆုံးစိုက်ပျိုးသည့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်များတွင် မျိုးစေ့ရှားပါးနေသည်။
“ဆောင်းသီးနှံက စိုက်ပျိုးရမယ့်အချိန်ရောက်နေပြီ။ မျိုးစေ့တွေလည်း ရှာမရသေး။ ပြောင်းတို့၊ ဖရဲတို့၊ ပဲ၊ ခရမ်း မျိုးစေ့တွေဆိုရင် ဝယ်လို့လည်း မရဘူး။ တခြား ကိုယ်နဲ့နီးစပ်တဲ့ သူတွေဆီကပဲ နည်းနည်းစီ တောင်းထားရတယ်” မြောက်ဦးမြို့နယ် လေညင်းတောင်ကျေးရွာမှ ဆောင်းသီးနှံစိုက်တောင်သူ ဒေါ်သိန်းသိန်းက ပြောသည်။
၂၀၂၃ ခုနှစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဆောင်းသီးနှံ စိုက်ဧက ၁၁,၃၇၇ ရှိသည်။ ယင်းအထဲမှ ဆောင်းသီးနှံစိုက်ဧက ခုနစ်ထောင်ကျော်ရှိသည့် ကျောက်တော်မြို့နယ်မှ တောင်သူများမှာ ငွေကြေးအပြင် လုပ်သားအင်အားနှင့် ကျွဲ၊ နွားရှားပါးခြင်းတို့ကို ကြုံနေရသည်။
ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဦးစိုးသိန်းက “လယ်တစ်ဧကကို စက်နဲ့ ထွန်ယက်ခအတွက် ၇ သိန်း အထက်ရှိတယ်။ မျိုးစေ့တွေ မပါသေးဘူး။ လုပ်အားခမပါသေးဘူး။ ဒီနှစ်အတိုင်းအတာမှာ ဆောင်းသီးနှံက မဖြစ်မနေ စိုက်ပျိုးရမယ်။ အဓိက အလုပ်အကိုင်တစ်ခုလည်းဖြစ်တယ်။ ဒီဆောင်းသီးနှံကို မစိုက်ပျိုးနိုင်ရင် လာမယ့်နှစ်အတွက် စားစရာရှိမှာမဟုတ်ဘူး” ဟု ပြောသည်။
အခြားတစ်ဖက်တွင် ဒေသခံများ၏ စိုက်ခင်းဧရိယာများတွင် တိုက်ပွဲကြွင်းကျန် မိုင်းနှင့် ပေါက်ကွဲစေတတ်သော ဆက်စပ်ပစ္စည်းများ အန္တရာယ်လည်း ရှိနေသည်။ ယင်းအပြင် ယခင်ကကဲ့သို့ မြေဆီမြေဩဇာကို လုံလောက်စွာ မသုံးစွဲနိုင်သဖြင့် သီးနှံအထွက်နှုန်း ကျဆင်းနိုင်သည်ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ လက်မဆိပ်ကျေးရွာမှ ဦးသောင်းတင်က “အရင်နှစ်ကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ ပုံမှန် မလုပ်ကိုင်နိုင်ခဲ့တော့ ကျနော်တို့ စိုက်ပျိုးရေးသမားတွေအတွက် ဝင်ငွေဆိုတာ မရှိတော့ဘူး။ အခုလည်း အိမ်မှာလှောင်ထားတဲ့ စပါးတောင် ရောင်းမရတော့ သွင်းအားစုစရိတ် အများကြီးခက်ခဲတယ်။ ပုံမှန်နှစ်ကထက် ဒီနှစ်မှာ တိုးချဲ့ပြီးတော့ လုပ်ချင်ပေမယ့် အဆင်မပြေလောက်ဘူး ထင်ပါတယ်” ဟု ပြောသည်။
ရခိုင်ဒေသည် ပြည်မဘက်ကို စားသုံးကုန်အပါအဝင် ငရုတ်သီး၊ ကော်ဖီထုတ်၊ ပန်း၊ ကွမ်းရွက်ကအစ အားကိုးနေရသည်။ ထို့ကြောင့် ရခိုင်ဒေသတွင်း စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် ULA/AA ကလည်း အကူညီအထောက်ပံ့များ ပေးသင့်ကြောင့် ပြောဆိုကြသည်။
“ကိုယ့်ပြည်တွင်းမှာသာ ဆောင်းသီးနှံတွေကို လုံလုံလောက်လောက် စိုက်ပျိုးနိုင်မယ်ဆိုရင် ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုတော့ဘူး။ အဓိကတော့ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဖို့ လိုအပ်တယ်။ အခုဆိုရင် ကန်စွန်းတစ်စည်းကို ၅၀၀ ဖြစ်နေပြီ။ စိုက်ပျိုးရေးကို မလုပ်နိုင်ဘူးဆိုရင်တော့ အကုန်လုံးက ငတ်သေနိုင်တယ်။ ဒါကြောင့် သက်ဆိုင်ရာ ULA/AA ဘက်ကလည်း အနည်းအကျဉ်း ကူညီပေးစေချင်ပါတယ်” ဟု တောင်သူ ဦးစိုးနိုင်က ပြောသည်။
ရခိုင်ပြည်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့်ဒေသ ဖြစ်သော်လည်း တခြားဒေသများကဲ့သို့ ဆည်ရေသုံးပြီး သီးထပ်စိုက်ပျိုးရေးစနစ် မရှိဘဲ မိုးစပါးနှင့် ဆောင်းသီးနှံများကိုသာ စိုက်ပျိုးလုပ်ကိုင်ကြသည်။
ရခိုင်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိသည့်အနက် ဆောင်းသီးနှံဧက ၅ သိန်း ၄ သောင်း ၂ ထောင် ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ဧက ၆၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။
https://www.facebook.com/dmgnewsagency/posts/926145502892380