By Narinjara / 2024 September 26
ရခိုင်စစ်မျက်နှာသို့စေလွှတ်ခံရသည့် ဧရာဝတီတိုင်း၊ ဖျာပုံအခြေစိုက်သည့် ခလရ ၉၈ တပ်သည် ရခိုင်စစ်မျက်နှာအတွင်း ထိခိုက်သေဆုံးမှုများပြားခဲ့၍ မော်လမြိုင်ကျွန်းမြို့နယ်အခြေစိုက် ခလရ ၅၃၆ ကို ရခိုင်သို့ ထပ်မံပို့ဆောင်လိုက်သည်ဟု သိရသည်။
ခလရ ၅၃၆ ကို စက်တင်ဘာလ ဒုတိယအပတ်ထဲတွင် ရခိုင်သို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူများကိုကိုးကားပြီး မောင်းသတင်းဌာန လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၂၅ ရက်က ရေးသားဖော်ပြချက်အရ သိရသည်။
ရခိုက်စစ်မျက်နှာသို့ အပို့ခံထားရသည့် ခလရ ၉၈ တပ်မှ တပ်ရင်းမှူး နိုင်လင်းသည် ခြေထောက် ဖြတ်လိုက်ရပြီး စစ်ကြောင်း၂ ၊ စစ်ကြောင်းမှုး DSA အပတ်စဥ် ၆၀ က 2IC ဗိုလ်မှူး နိုင်သူ သေဆုံးခဲ့သည်ဟု ဖော်ပြသည်။
အခြားအရာရှိစစ်သည်များ ပျောက်ဆုံးနေပြီး တပ်ဖွဲ့စည်းပုံပျက်သွား၍ မော်လမြိုင်ကျွန်း အခြေစိုက်တပ်ရင်းဖြစ်သည့် ခလရ ၅၃၆ ကို ထပ်မံ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်မိသားစုဝင်တစ်ဦး၏ပြောဆိုချက်ကိုကိုးကားပြီး မောင်းတွင်ဖော်ပြသည်။
ယခုထပ်မံပို့ဆောင်လိုက်သည့် ခလရ ၅၃၆ တပ်ရင်းကို DSA အပတ်စဥ် ၅၄ မှ စစ်ကြောင်းမှူး သူရိန်စိုးက ဦးစီးသည်ဟုလည်း သိရသည်။
ဧရာဝတီတိုင်းအတွင်းမှ မအူပင်၊ ကျုံပျော်၊ ဖျာပုံ၊ ပုသိမ်မြို့များတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ရင်းများသည် ရခိုင်သို့စေလွှတ်ခံရတိုင်း အသေအပျောက်များစွာဖြင့် တပ်ဖွဲ့စည်းပုံပျက်ပြီး ပြန်ရောက်လာတတ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ် ကျောက်ပါးစပ်ကျေးရွာ အနီးတွင် အာရက္ခတပ်တော်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျဆုံးများပြီး ဒဏ်ရာရသူများကို ကုလားပြင်ကျေးရွာသို့ ယူဆောင်လာရာတွင် တပ်သား ၂ ဦး သေဆုံးပြီး ဗိုလ်အဆင့်ရှိသူ အရာရှိတစ်ဦးအား ဂွမြို့နယ် ဆေးရုံသို့ ယူဆောင်သွားခဲ့ရသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲသည် ကျောက်ပါးစပ်ကျေးရွာအနီးရှိ ကင်းပုန်းဝပ်နေသည့် စစ်သားများအား ကားဖြင့် ရိက္ခာဖြန့်ဝေစဉ် AA ကြားဖြတ်တိုက်ခိုက်ရာက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားအလောင်းတချို့နှင့် လက်နက်တချို့ကိုလည်း AA က သိမ်းဆည်းရမိခဲ့ဟု စစ်ရေး သတင်းရင်းမြစ်များအရ သိရှိရသည်။
https://www.facebook.com/narinjara.info/posts/942269401273523