By Arakan Bay News / 2024 September 09
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ညနေ (၆) နာရီ (၅၀) မိနစ်နှင့် (၅၅) မိနစ်တိုတွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ မှ ရက္ခိုင်ပြည်၊ ပေါက်တောမြိုနယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့သည်။
၎င်းသေဆုံးသွားသည့်သူများထဲတွင် စစ်ကောင်စီ၏ သုံပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့ နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်။
စစ်ရှုး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြိုရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
မှတ်ချက်-အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မူရင်းအတိုင်း တင်ပေးခြင်းဖြစ်ပြီး ဓာတ်ပုံကိုမူ Facebook ၏ Community Standard မူဝါဒကြောင့် အဖြူ/အမဲ ကာလာပြောင်း၍ တင်ပေးခြင်းဖြစ်သည်။
https://www.facebook.com/arakanbaynewsinfo/posts/122169682352180219