By DMG / 2024 September 16
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို လူထုအုံကြွမှုနဲ့ဖြုတ်ချခဲ့ပြီးနောက် ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မွတ်ဆလင်ဒုက္ခသည်အရေးကို ဖြေရှင်းဖို့ စဉ်းစားချက်အသစ်တွေ ထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။
မွတ်ဆလင်ဒုက္ခသည်အရေးကို အာရက္ခတပ်တော် (AA)နဲ့ ဆက်သွယ်ဆောင်ရွက်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်က မကြာသေးမီက လူသိရှင်ကြား ထုတ်ပြောလာတာပါ။
မြန်မာ-ဘင်္ဂလာနယ်စပ်မှာ လွတ်လပ်ပြီး ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ Confederate ပြည်နယ်တစ်ခု ပေါ်ထွက်လာရန် တာစူနေတဲ့ AA ကလည်း ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုအနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအပါအဝင် မွတ်ဆလင်ဒုက္ခသည် အရေးတွေကို နှစ်ဘက်ဆွေးနွေးအဖြေ ရှာရမယ်လို့ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို နေရပ်ပြန်ခေါ်ရေးနဲ့ပတ်သက်လို့ NLD အရပ်သား အစိုးရလက်ထက်က ကြိုးပမ်းခဲ့သလို အာဏာသိမ်း စစ်ကောင်စီကလည်း ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီကိစ္စဟာ ဒုက္ခသည်အမြောက်အများကို နှစ်တာရှည်လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြေလျော့ရန် ကြိုးပမ်းတာဖြစ်သလို အတွက်လည်း နိုင်ငံတကာနဲ့ တိုက်ရိုက်ဆက်ဆံခွင့်ရမယ့် အကျိုးအမြတ်တွေ ရှိကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်ရဲ့ ပြောဆိုချက်တွေဟာ အပြုသဘောဆောင်ပေမယ့် မွတ်ဆလင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးဟာ ပဋိပက္ခတွေကြားမှာ လက်တွေ့ဖြစ်နိုင်ခြေအရ ထည့်တွက်စရာတွေ ရှိနေပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်မှာ ပြည်တွင်းဒုက္ခသည် ခြောက်သိန်းကျော် ရှိလာနေပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေကလည်း မြင့်တက်လျက်ရှိနေပါတယ်။ ရခိုင်ဒေသ ပြန်လည်တည်ဆောက်ရေးနဲ့ ရှေ့ဆက်ရမယ့်ခရီးဟာလည်း ရှည်လျားလှပါတယ်။
ဒီအခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာရက္ခတပ်တော်အပေါ်မှာ ဘယ်လို အပြုသဘောဆောင်ပြီး ဆက်ဆံအဖြေရှာမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပြီးတော့ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာလည်း အကောင်အထည်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့လည်း ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဒေသတွင်းလုံခြုံရေး၊ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်၊ အလုပ်အကိုင် ဖန်တီးရေးတွေကို ထည့်သွင်းစဉ်းစားပြီးမှ နေရပ်ကိုပြန်လာကြမှာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွားတဲ့ မွတ်ဆလင်ဦးရေဟာ ၂၀၁၇ ခုနှစ်နဲ့ လက်ရှိ တိုက်ပွဲကာလအတွင်းမှာ စုစုပေါင်း တစ်သန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ နောက်ထပ် စဉ်းစားချက်တစ်ခုကတော့ ဒုက္ခသည်တွေကို တတိယနိုင်ငံတစ်ခုခုမှာ အခြေချနိုင်ရေး အစီအစဉ်ပဲဖြစ်ပါတယ်။
အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုသို့ နှစ်စဉ် မွတ်ဆလင်ဒုက္ခသည် နှစ်သောင်းစီ ပို့ဆောင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်က ကြိုးပမ်းနေပြီးတော့ ကနဦးအနေနဲ့ မွတ်ဆလင်ဒုက္ခသည် ၂,၅၀၀ ခန့်ဟာ အမေရိကန်သို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ နှစ်စဉ် ဒုက္ခသည်နှစ်သောင်းစီ ခေါ်မယ်ဆိုလို့ရှိရင် ဆယ်နှစ်မှာ ဒုက္ခသည်စုစုပေါင်း နှစ်သိန်းကိုပို့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က မျှော်လင့်ထားပါတယ်။
အမေရိကန်နည်းတူပဲ အခြားသော ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေကလည်း မွတ်ဆလင်ဒုက္ခသည်တွေကို ခေါ်ယူပေးဖို့ ဘင်္လားဒေ့ရှ်အနေနဲ့ UN အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။
နေရပ်ဒေသနဲ့ နှစ်ရှည်လများဝေးကွာနေရပြီး နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုအားထားနေရတဲ့ ဒုက္ခသည်စခန်းက မွတ်ဆလင်တွေအတွက်လည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အခြေချရတာဟာ သူတို့တွေအတွက် ဘဝအသစ်တစ်ခု ပြန်စနိုင်မယ့်လမ်းစလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အလုပ်အကိုင်ရှာဖွေဖို့အတွက် ဘင်္လားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျားဖြတ်ကာ ထွက်ခွာနေကြရတဲ့ မွတ်ဆလင်ဒုက္ခသည်တွေရဲ့ အခဲအခက်တွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအနေနဲ့ လျစ်လျူရှုမထားဘဲ လူသားချင်းစာနာထောက်ထားပြီး ဒုက္ခသည်တွေကို အခြေချနေထိုင်ခွင့်ပြုဖို့ လိုအပ်နေပါတယ်။
https://www.facebook.com/dmgnewsagency/posts/919269260246671