By Narinjara / 2024 September 25
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ မွတ်ဆလင်ကျေးရွာမှ ရေလုပ်သား ၁၇ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်၊ နေ့လယ် ၁ နာရီက စစ်ကောင်စီနေဗီက ဖမ်းဆီးသွားခဲ့ရာ ၁၅ ဦးကို လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများထဲမှ ၁၅ ဦးကို ယင်းနေ့ညဥ့် ၁၀ နာရီခန့်တွင် လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးနှင့် စက်လှေတစ်စီးကို ယခုချိန်ထိ နေဗီတွင် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
“၁၅ ယောက်က ပြန်လွတ်လာပါတယ်။ နှစ်ယောက်ကတော့ မလွတ်သေးဘူး။ နေဗီမှာ ကျန်ခဲ့ပါတယ်။ သူတို့ကို ဘာကြောင့်မလွှတ်လဲ။ ဒီလူ ၁၅ ယောက်က ဘာကြောင့် လွတ်လာသလဲဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူး”ဟု ပြောသည်။
၎င်းတို့သည် စက်လှေနှစ်စီးဖြင့် ယင်းနေ့နေ့လယ်က ကုလားတန်မြစ်ထဲ ကျားပါစပ်ပိုက်ချရန်သွားစဉ် စစ်ကောင်စီနေဗီက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက အပြစ်မဲ့ အရပ်သားမွတ်ဆလင်နှစ်ဦးအား ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အတွက် သူတို့နှစ်ဦး၏ အသက်အန္တရာယ်ကို ကျေးရွာသားများက စိုးရိမ်ကြောင့်ကြနေကြသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားမှုကြောင့် ရခိုင်ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ထို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကလည်း ပေါက်တောမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များအား စာနပ်ရိက္ခာထောက်ပံ့ပေးမှုမရှိသည်မှာ ၅ လခန့်ကြာမြင့်နေပြီဖြစ်သည်ဟု ဆိုကြသည်။
ယင်းကြောင့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီ၏အဖမ်းအဆီးကြားမှ အရဲစွန့်ကာ ငါးဖမ်းနေကြရသည်ဟုလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/941356224698174