တိုက်ပွဲများအတွင်း သိမ်းဆည်းရမိတဲ့  ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့  လူ့အသုံးအဆောင်ပစ္စည်းတွေကို ပိုင်ရှင်များထံ AA ပြန်လည်ပေးအပ်

(အလွဲသုံးစားလုပ်ထားကြတဲ့ မိမိတို့ဘက်က အကျင့်ပျက်ဝန်ထမ်းအချို့အား အပြစ်ပေးအရေးယူထားသလို ဆက်လက်ပြီးလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်ဟုဆို ) 

By Narinjara / 2024 September 14

အာရက္ခတပ်တော်( AA)ဟာ တိုက်ပွဲများကာလအတွင်း သိမ်းဆည်းရမိတဲ့ ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကို ပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်နေသလို တစ်ခြားတစ်ဖက်မှာလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို အပ်နှံခြင်းမပြုဘဲ အလွဲသုံးစား လုပ်ထားကြတဲ့ အာရက္ခတပ်တော်ရဲ့ အဖွဲ့ဝင်တွေကိုလည်း အပြစ်ပေးအရေးယူလျက် ရှိနေတယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်အထဲမှာ ခုလို ဖော်ပြထားတာဖြစ်ပါတယ်။
“ အာရက္ခဒေသရဲ့ မြို့သိမ်းတိုက်ပွဲတွေ ကာလအတွင်း ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထားကြတဲ့ သူတွေကို အပြစ်ပေး အရေးယူထားပြီး မိမိတို့ ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကို ကာယကံရှင်တွေ လက်ထဲသို့ ပြန်လည်ပေးအပ်နေတယ်” လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။”
ကြိုတင် တိုက်ပွဲရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူလူထုအနေနဲ့ ၎င်းတို့ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိတဲ့ လေးလံပြီး ရွှေ့ပြောင်းသယ်ယူဖို့ အဆင်မပြေတဲ့ ထုထည်ကြီး ပစ္စည်းတွေ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်မှာ ဝှက်ထားချန်ရစ်ခဲ့တဲ့ ရွှေ၊ ငွေ အချို့တို့ တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်သာမက ပျောက်ဆုံးမှုများရှိနေတာတွေကို စိတ်မကောင်းဖွယ် ကြားသိရနေရတယ်လို့ ဆိုပါတယ်။
အလားအတူ ဒေသခံပြည်သူတချို့ရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေဟာ တိုက်ပွဲတွေအတွင်းနဲ့ တိုက်ပွဲတွေ ပြီးဆုံးတဲ့ အချိန်မှာ ပျောက်ဆုံးမှုတွေ ရှိခဲ့တယ်လို့ ကာယကံရှင်တွေရဲ့ တိုင်တန်းချက်နဲ့ မိမိတို့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သိရှိလာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ခိုးမှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေကို သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့တယ်လို့ ထင်ရှားတဲ့ သူတွေကို ထိုက်တန်တဲ့ အပြစ်တွေပေးပြီး အရေးယူထားပြီး ဖြစ်သလို ခိုးယူထားတဲ့ ပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းရမိပါကလည်း ပိုင်ရှင်အစစ်အမှန်တွေ လက်ထဲကို ပေးအပ်ထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုတွေကိုလည်း ဆက်လက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တချို့သောနေရာတွေမှာ ပိုင်ရှင်များဝှက်ထားခဲ့တဲ့ ရွှေ၊ ငွေ အစရှိတဲ့ အဖိုးတန် ပစ္စည်းတွေကို မိမိတို့တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်တွေရဲ့ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဥပမာတစ်ခုအနေနဲ့ ဖော်ပြရာမှာ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုမှာ ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတွေကို အသင်းတော်သူ/သားတွေက ဝှက်ထားခဲ့တာကို မိမိတို့ တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့တာကြောင့် အဲဒီပစ္စည်းတွေ အားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိဘပြည်သူတွေ အနေနဲ့လည်း မိမိတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ၊ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေဟာ တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်မှာ သိမ်းဆည်းထားခဲ့တဲ့၊ ဝှက်ထားခဲ့တဲ့ ပစ္စည်းတွေကို တွေ့ရှိခြင်းမရှိပါက မိမိတို့ရဲ့ သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူးတွေထံ မှန်မှန်ကန်ကန် သတင်းပေးပို့ကြဖို့နဲ့ သတင်းများပေးပို့ကြပါဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ဟာ တိုက်ပွဲတွေ အတွင်း လိုက်နာကျင့်သုံးရမယ့် အာရက္ခ စစ်သည်တော် ကျင့်ဝတ်တွေနဲ့ ပြည်သူလူထုနဲ့ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ရမယ့် ဝတ္တရားတွေကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြဖို့ကိုလည်း အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ခုလို ညွှန်ကြားထားပေမယ့် မိမိတို့ရဲ့ တပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်း အချို့တို့ဟာ လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ယူသုံးခြင်းတွေ ပြုလုပ်လျက် ရှိနေတာကြောင့် အဲဒီ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရရှိလာစေဖို့ အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ အသိပေးဖော်ပြထားပါတယ်။

https://www.facebook.com/narinjara.info/posts/932223065611490

Leave a Reply

Your email address will not be published.