စစ်ရေးပဋိပက္ခကြောင့် ရခိုင်ဆေးလိပ်ခုံလုပ်ငန်များ ထုတ်လုပ်မှုကျဆင်း

By DMG / 2024 September 09

ရခိုင်စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဆေးရွက်ကြီး စိုက်ပျိုးရေး လုပ်ငန်းများ ရပ်နားထားရသဖြင့် ဒေသအတွင်း ဆေးလိပ်ခုံလုပ်ငန်းများ ထုတ်လုပ်မှု ကျဆင်းနေရသည်။
ယခင်နှစ်များက ဆေးလိပ်ခုံတစ်ခုမှာ နေစဉ်ဆေးလိပ်ရေ သောင်းနှင့်ချီ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ် အတွင်း တစ်နေ့မှာ ဆေးလိပ်ရေ သုံးထောင်လောက်သာ ထုတ်လုပ်နိုင်ကြောင့် ဆေးလိပ်ခုံ လုပ်ငန်းရှင်များ ကပြောသည်။
ကျောက်တော်မြို့မှ ဆေးလိပ်ခုံလုပ်ငန်းရှင် ဦးစိန်မောင်က “ ဆေလိပ်လည်း အများမထုတ်လုပ်နိုင်တော့ဘူး။ တစ်ထောင် နှစ်ထောင်လောက်သာ ထုတ်နိုင်တော့တယ်။ အရင်ကဆိုရင်တော့ ဆေးလိပ်လည်း ဈေးမကြီးဘူး။ တစ်နေ့မှာ ငါးထောင် တစ်သောင်း လောက်ထုတ်လုပ်တယ်။ ဆေးလိပ်ထုတ်လုပ်မှုက အရင်ကထက် ဆယ်ဆ လောက်လျော့သွားတယ်” ဟု ပြောသည်။
ဆေးရွက်ကြီးပင်များကို ကျောက်တော် ၊ မြောက်ဦး၊ မြေပုံ ၊ ရမ်းဗြဲ၊ မာန်အောင် စသည့်မြို့နယ်များတွင် စိုက်ပျိုးကြသည်။
ယင်းမြို့နယ်မှ ဒေသခံများမှာ စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းအပြင် အခြားအခက်အခဲများကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှု နည်းပါးခဲ့ရခြင်းဖြစ်သည်။
အယင်နှစ်များက ကျောက်တော်မြို့တွင် ဆေးလိပ်ခုံလုပ်ငန်း ၁၆ ခု အထိရှိခဲ့သော်လည်း ယခုနှစ်အတွင်း ၄ ခုသာ လည်ပတ်မှုရှိတော့သည်။
ထိုနည်းအတူ အခြားမြို့များတွင်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် ကုန်ထုတ်လုပ်မှုများ လျော့နည်းသွားကြောင်း သိရသည်။
တစ်ဖက်တွင် ဆေးလိပ်ခုံလုပ်ငန်းများ ကုန်ထုတ်လုပ်မှုနည်းလာ၍ ထိုလုပ်ငန်းများကို မှီခိုစား‌သောက်နေကြသော အလုပ်သမားများမှာ လုပ်ငန်းရပ်တန့်သွားမည်ကို စိုးရိမ်နေကြသည်။
ကျောက်တော်မြို့ ဆေးလိပ်ခုံ အလုပ်သမား ဒေါ်မသိန်းနုက “ဒီလုပ်ငန်းတွေသာ အကုန်လုံး ရပ်သွားမည်ဆိုရင် ပိုပြီးတော့ အကျပ်တည်းဖြစ်သွားမယ်။ အခုက ဒီလုပ်ငန်းဖွင့်ထားလို့ အကုန်လုံးအဆင်မပြေရင်တောင် စားသောက်နိုင်တယ်” ဟု ပြောသည်။
ကျောက်တော်မြို့မှ ဆေးလိပ်ခုံလုပ်သားများမှာ တစ်နေ့လျှင် ငွေကျပ် တစ်သောင်းဝန်းကျင် ရရှိကြကြောင်း သိရသည်။
ရခိုင်ပြည်တွင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသအတွင်း အလုပ်အကိုင်ရှားပါးလာခဲ့ပြီး ကုန်းဈေးနှုန်များလည်း မြင့်တက်လျက်ရှိသည်။
ယခင်ကာလ ဒေသတွင်း ဆေးလိပ်ခုံများမှထွက်ရှိသော ဆေးလိပ်များကို ရခိုင်တစ်ပြည်လုံးကို ဖြန့်ချီရောင်းချနိုင် ခဲ့သော်လည်း ယခုအခါ လမ်းခရီးပိတ်ဆို့ထားမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ဈေးကွက်ကျဉ်းလာသဖြင့် အမြတ်ငွေလည်းနည်းပါးသည်ဟု လုပ်ငန်းများက ဆိုကြသည်။
ကျောက်တော်မြို့ ဆေးလိပ်ခုံ လုပ်ငန်းပိုင်ရှင် ဒေါ်ချိုချိုဦးက “ အခုက အမြတ်နည်းရင်လည်း လုပ်နေရတာက နာမည်ပျောက်မသွားအောင် လုပ်နေကြတာဖြစ်တယ်။ နောက်နှစ်တွေဆိုရင် ဆေးရွက်ကြီးတွေ ပုံမှန်စိုက်နိုင်ကြ မလားဆိုပြီး ဆက်လုပ်နေတာဖြစ်တယ်” ဟု ပြောသည်။
ဆေးရွက်ကြီးပင်များကို နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြသည်။ ဧပြီလတွင် အရွက်ခူးပြီး နေလှန်းကာ ဒေသတွင်းရှိ ကုန်သည်များ၊ ပွဲရုံများသို့ ရောင်းချကြခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/914334390740158

Leave a Reply

Your email address will not be published.