By Narinjara / 2024 September 10
လက်ရှိတိုက်ပွဲများကျယ်ပြန့်လာသည့် ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား ဆန်နှင့်စားနပ်ရိက္ခာကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားပြီး တစ်ခြားတစ်ဘက်တွင် စစ်မှူးထမ်းဟောင်းများက စစ်တပ် အရာရှိများနှင့် ပေါင်းကာ ဆန်များကို တင်သွင်းပြီး စီးပွားဖြစ်ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။
ဂွမြို့နယ်ဒေသခံတစ်ဦးက “ဂွမြို့နယ်မှာ စစ်တပ်က ပြည်သူတွေကို ဧရာ၀တီဘက်က ဆန်နဲ့ရိက္ခာတွေ သယ်လာရင် ဖမ်းဆီးတယ်။ သယ်ခွင့် မရဘူးပေါ့။ တစ်ဘက်မှာလည်း စစ်မှူးထမ်းဟောင်းတွေနဲ့ အငြိမ်းစားဗိုလ်မှူးတွေကို ဆန်တွေတင်သွင်းခွင့်ပြုထားပြီး စီးပွားလုပ်ခွင့်ပေးထားတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ပြည်သူများ၏ဆန်ရိက္ခာနှင့် ကုန်ပစ္စည်းသယ်ယူမှုများကို ပိတ်ဆို့ ဖမ်းဆီးနေသော်လည်း တစ်ဘက်တွင်မူ စားနပ်ရိက္ခာပြတ်လပ်သည့် အခြေအနေကို အခွင့်ကောင်းယူကာ စစ်မှူးထမ်းဟောင်းများနှင့် စစ်တပ်ဗိုလ်မှူးအငြိမ်းစားများက ပြည်သူများအား ပေါ်ပေါ်ထင်ထင် ရောင်းချပြီး စီးပွားလုပ်နေကြသည်ဟု ပြောသည်။
အဆိုပါစစ်တပ်အရာရှိအငြိမ်းစားများက ဧရာဝတီတိုင်းဘက်မှာဆန်များကို တင်သွင်းပြီး ဒေသတွင်း ကုန်သည်များထံ ပြန်လည်ရောင်းချသလို စစ်မှုထမ်းဟောင်းရုံးနှင့် ၄င်းတို့၏ နေအိမ်များတွင် ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
၎င်းစစ်မှူးထမ်းဟောင်းများသည် ပြည်သူများ ဆန်တင်သွင်းခွင့်မရသဖြင့် ဆန်ရှားပါးလာမှုကို အခွင့်ကောင်းယူကာ ဧရာဝတီတိုင်းဘက်မှဝင်သည့် မှော်ဘီ(ရှယ်) ၊ ဆင်းသွယ်လတ် အစရှိသည့် ဆန်များကိုအဓိကစားသုံးနေရပြီး ဆန်တစ်ပြည်လျှင် ကျပ် ၇၀၀၀ ကနေ ၁၂၀၀၀ ကျပ်အထိပေါက်ဈေး ရှိနေကြောင်း သိရသည်။
“ ဒီဆန် အမျိုးစားတွေက ဧရာဝတီတိုင်းဘက်မှာဆိုရင် တစ်ပြည်ကို ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်လောက်ဘဲရှိတယ်။ ဒါကို ဆန်ညံ့ဆိုရင် ၇၀၀၀ တစ်ပြည်ကို၊ ဆန်ကောင်းဆိုရင် တစ်ပြည်ကို ၁၂၀၀ ထိ စျေးတင်ရောင်းချနေကြတယ်။ ပြည်သူတွေမှာတော့ ခံကြပေါ့” ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ရောင်းချစီးပွားလုပ်နေသည့် ဗိုလ်မှူးအငြိမ်းစားများမှာ ယခုလက်ရှိ ဂွမြို့နယ်တွင် တာဝန်ကျနေသည့် ဗျူဟာမှူးများနှင့် စစ်သင်တန်းအပတ်စဥ်တူများလည်း ပါဝင်ကြောင်း သိရှိရသည်။
လက်ရှိစီးပွားလုပ်ရောင်းချနေသူများထဲတွင် ရဟိုင်ကူးတို့ကျေးရွာဇာတိ ဗိုလ်မှူး (ငြိမ်း) တစ်ဦးနှင့် ဂွမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဌတို့ အဓိကပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ဂွဒေသခံက “စစ်တပ်ဗိုလ်မှူးအငြိမ်းစားတွေဆိုပြီး စစ်တပ်ကလည်း စီးပွား လုပ်ခွင့် ပေးထား တာပေါ့။ လက်ရှိဗျူဟာမှူးတွေနဲ့ရင်းနှီးတဲ့ဗိုလ်မှူးတွေလည်းပါတယ်။ ပြည်သူတွေကို ကျတော့ သယ်ယူရောင်းချခွင့်မပေးဘူး။ ဖမ်းတာဆီးတာတွေလုပ်တယ်။ ပြည်သူတွေ၊ စစ်ရှောင်တွေက ရိက္ခာတွေပြတ်လပ်နေပြီ။ လက်နက်အားကိုးနဲ့ပြည်သူတွေကို ကြိုက်သလိုအနိုင်ကျင့်နေတာ” ဟု ပြောသည်။
https://www.facebook.com/narinjara.info/posts/929407845893012