AA နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ လူအယောက် ၄၀ နီးပါးကို ဖမ်းမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

AA စစ်ဦးစီးချုပ် (ပုံဟောင်း)

By BBC / 2024 August    29

အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်နေတဲ့ လူအယောက် ၄၀ ဝန်းကျင်ကို ဖော်ထုတ်အရေးယူမယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဓာတ်ပုံတွေဖြန့်ဝေထားတာ တွေ့ရပါတယ်။

သူတို့တွေဟာ AA ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်နဲ့ ပြည်သူလူထုကို အကြောက်တရားဖြစ်အောင် လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေကို လူမှုကွန်ရက်ကနေတဆင့် ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

“သူတို့ဖမ်းမယ်လို့ ထုတ်တဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ခဲ့ဖူးသူလည်းပါတယ်၊ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေပါတယ်။ အဲလိုထုတ်လာရင် သူတို့အတွက် အန္တရာယ်ရှိတယ်”လို့ ရခိုင်ပြည်နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ထုတ်ပြန်တဲ့အထဲမှာ အသက် ၂၀ ကနေ အသက် ၅၀ ဝန်းကျင် အမျိုးသားတွေနဲ့ အမျိုးသမီးတွေသာမက သံဃာတော်တချို့လည်း ပါဝင်တာ တွေ့ရပါတယ်။

ဖမ်းဆီအရေးယူမယ်လို့ အခုလို နာမည်တွေ၊ ဓာတ်ပုံတွေနဲ့တကွ ကြေညာခံခဲ့ရပြီးနောက်ပိုင်း အဖမ်းခံရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

AA ရဲ့ ဝါဒဖြန့်တာတွေကို အားပေးကူညီတာတွေ လုပ်ခဲ့ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅ (က) တို့နဲ့ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် နိုင်ငံဘဏ္ဍာအနေနဲ့ ပြောင်းရွှေ့နိုင်တဲ့ပစ္စည်းတွေကို သိမ်းယူမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/BBCnewsBurmese/posts/947838444055486

Leave a Reply

Your email address will not be published.