AA က မွတ်ဆလင်တွေကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

By Mizzima / 2024 August    6

အာရက္ခတပ်တော် (AA) က မွတ်ဆလင်တွေကို ဒရုန်းနဲ့ တိုက်ခိုက်လို့ သေဆုံးတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

တယ်လီဂရမ်မှာ “Voice of Muslim” ဆိုတဲ့ အမည်နဲ့ ချန်နယ်ကနေ ဇူလိုင်လ ၃၀ ရက်နေ့မှာ “AA အဖွဲမှ မောင်တောမြိုရှိ အပြစ်မဲ့ မွတ်ဆလင်များအား ဒရုံးဖြင့်ထပ်မံတိုက်ခိုက်၊ AA Drone အဖွဲဝင်တစ်ချိုဖမ်းဆီးခံထားရ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့အတူ ရုပ်သံဖိုင်နှစ်ခုကို ဖြန့်ဝေထားပါတယ်။

ရုပ်သံဖိုင်တွေက လက်ပြန်ကြိုးတုပ်ခံထားရတဲ့သူတွေပါဝင်တဲ့ ရုပ်သံနဲ့ လူနှစ်ဦး လဲကျနေတဲ့ ရုပ်သံ ပါဝင်ပါတယ်။ ဒီအကြောင်းဟာ တယ်လီဂရမ်နဲ့ ဂရု ၃၃ ခုမှာ ပျံ့နှံ့နေတာပါ။

မဇ္ဈိမက ဒီအကြောင်းအရာမှာ ပါဝင်တဲ့ ရုပ်သံဖိုင် နှစ်ခုကို အချက်အလက် စစ်ဆေးခဲ့ပါတယ်။

ဒီရုပ်သံဖိုင် နှစ်ခုထဲက လူနှစ်ဦး လဲကျနေတဲ့ ရုပ်သံဖိုင်ဟာ ဇူလိုင် ၃၀ ရက်နေ့မှာပဲ “မောင်တောတွင် လက်နက်ကြီးကျည်စထိမှန်၍ဟိန္ဒူဘာသာဝင်အမျိုးသမီးငယ် ၁ ဦး သေဆုံး” ဆိုတဲ့သတင်းကို ရခိုင်ပြည်နယ်က သတင်းကို အဓိကဖော်ပြနေတဲ့ နိရဉ္စရာ သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ဖော်ပြချက်ထဲမှာတော့ မြို့သူကြီး အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန်လို့ ညာဘက်ခြေထောက် ဒူးခေါင်းအောက်က ပြတ်ထွက်သွားပြီး သွေးထွက်လွန်ကာ ဇူလိုင် ၂၈ ရက်မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လင့် – https://archive.ph/xaByT

ရုပ်သံဖိုင်နှစ်ခုပါဝင်ပေမယ့် စစ်ဆေးခဲ့နိုင်တာကတော့ တစ်ခုပဲဖြစ်ပါတယ်။ ကျန်တစ်ခုကတော့ စစ်ဆေးလို့မရခဲ့ပါဘူး။

AA တပ်ဖွဲ့ဝင်တွေက မူဆင်လူမျိုးတွေကို ဒရုန်းနဲ့တိုက်ခိုက်တယ်ဆိုတဲ့ သတင်းမှာပါဝင်တဲ့ ရုပ်သံဖိုင်ဟာ မှားယွင်းနေပြီး ဖြစ်တဲ့နေရာနဲ့ အချိန်တူပေမယ့် မွတ်ဆလင် မဟုတ်ဘဲ ဟိန္ဒူဘာသာဝင် အမျိုးသမီး သေဆုံးခဲ့တာပါ။

ဒါကြောင့် အခုပျံ့နှံ့နေတဲ့ သတင်းတုဟာ ရခိုင်ပြည်နယ်ရဲ့ ပြင်းထန်နေတဲ့ တိုက်ပွဲတွေအကြားမှာ ထိလွယ်ရှလွယ်ဖြစ်တဲ့ လူမျိးရေးပဋိပက္ခတွေကို ဦးတည်နေတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။

https://www.facebook.com/watch/?v=2831846420301647

Leave a Reply

Your email address will not be published.