By Narinjara / 2024 August 31
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ကျောင်းဆရာ၊ ဆရာမများကို စစ်ကောင်စီက အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာသင်တန်းတစ်ခုကို နှစ်ပတ်ခန့်အကြာ ပို့ချခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စစ်ကောင်စီ လဝကဌာနမှ တာဝန်ရှိသူများက စစ်တွေမြို့တွင်းတစ်နေရာတွင် သင်တန်းပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက ပြီးဆုံးသွားခဲ့သည်ဟု သင်တန်းတက်ရောက်ခဲ့သူများနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
“စစ်တွေမှာရှိတဲ့ ဆရာ၊ ဆရာမထဲက (၂၀)ဝန်းကျင်ကို သန်းခေါင်စာရင်းကောက်တာတွေနဲ့ပတ်သက်ပြီးတော့ သင်တန်းပေးခဲ့တယ်။ ပြောရမယ်ဆိုရင် သူတို့က ဆရာအဖြစ် သင်တန်းပေါ့။ သူတို့ကနေတဆင့် တခြားသူတွေကို သင်တန်းပို့ချရမယ် အဲလိုမျိုးပေါ့”ဟု ပြောသည်။
အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အတွင်း တစ်နိုင်ငံလုံးတွင် အပြီးသတ်ကောက်ယူနိုင်ရန် စစ်ကောင်စီက စီစဉ်နေကြောင်းလည်း သိရသည်။
ယင်းသို့ကောက်ယူနိုင်ရန် ရခိုင်တွင်လည်း ယခုကဲ့သို့ သင်တန်းများလာရောက်ပို့ချနေခြင်းဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်စစ်ကောင်စီဥက္ကဋ္ဌဦးထိန်လင်းကလည်း သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်ပြီး ယမန်နေ့ သြဂုတ်လ ၃၀ ရက်က စစ်တွေရှိ ဌာနဆိုင်ရာများကို ခိုင်သဇင်ခန်းမသို့ ခေါ်ယူရှင်းပြခဲ့သေးသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည် စစ်ကောင်စီဥက္ကဋ္ဌ ဦးထိန်လင်းနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုများနှင့်ပတ်သက်သည်များကို ဦးထိန်လင်းက အဓိကပြောဆိုသွားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နယ်မြေများစွာကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်နေသော်လည်း အချည်းအနှီးသာဖြစ်မည်ဟု ရခိုင်ပြည်မှ အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ကိုဇော်ဇော်ထွန်းက သုံးသပ်ပြောဆိုသည်။
“အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်တွေကို လုပ်နေတာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲကို လုပ်နိုင်ပါတယ်လို့ ထားပါအုံး။ အစိုးရယန္တရားလည်ပတ်မှုတောင် မရှိသလောက်ဖြစ်သွားပြီ။ ဒီလိုမျိုး အစိုးတစ်ရပ်အနေနဲ့တောင်မှ လည်ပတ်မှုမရှိတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ ရယ်စရာတစ်ခုလို့ပဲ မြင်တယ်”ဟု ပြောသည်။
ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေမရှိသော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် လုပ်ဆောင်ရန် ကြံစဉ်နေသည်ဟု သူက ဆက်လက်သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲအကြိုလုပ်ငန်းစဥ်အဖြစ် ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။
ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဟုလည်း စစ်ကောင်စီက တရားဝင် ထုတ်ဖော်ပြောဆိုထားပြီဖြစ်သည်။
https://www.facebook.com/narinjara.info/posts/922052416628555