By DMG / 2024 August 3
ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ သေလာဂီရိမောရပ္ပဗ္ဗတ ကျောက်တော်တောင်၌ ကျက်စားနေကြသော မျောက်များမှာ အစာရေစာရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများကျွေးသည့် အစားအစာများကို အဓိကမှီခိုပြီး စားသောက်နေရသည့် မျောက်များမှာ လက်ရှိစစ်ရေးကာလတွင် အစာရေစာရှားပါးမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
“မျောက်တွေက တောင်ပေါ်မှာနေတဲ့ သီလရှင်တွေရဲ့ ဆန်တွေကိုတောင် ခိုးစားလာကြတယ်။ ပြီးရင် တောင်အောက်ဆင်းပြီး လူတွေဆီက ဖုန်းတွေ၊ အစားအစာတွေကို လုယက်တာတွေထိ ရှိလာတယ်။ အစာပြတ်လပ်နေတော့ အစားအစာထင်ပြီး လုယက်တာဖြစ်တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျောက်တော်တောင်ပေါ်က မျောက်များမှာ တောင်အောက်ရှိ ကစ္ဆပနဒီတံတား၊ မြစ်တစ်ဖက်ကမ်းရှိ ကျောက်တော်မြို့တွင်းအထိ ဆင်းကာ အစားအစာများ တောင်းစားနေကြသည်။
ကျောက်တော်တောင်တွင် မျောက်အကောင်ရေ တစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မျောက်များမှာ ယခင်က ဘုရားဖူးများကျွေးသည့် ငှက်ပျောသီး၊ သရက်သီး၊ လိမ္မော်သီး၊ မြေပဲ စသည်တို့ကို ဝဝလင်လင် စားသောက်ခဲ့ရသည်။
လက်ရှိမှာ ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများ ပြင်းထန်နေသဖြင့် ဘုရာဖူးများလာရောက်မှု မရှိတော့သည့်အပြင် သစ်သီးဝလံများ ဈေးမြင့်တက်နေခြင်း၊ စားဝတ်နေရေးအခက်ခဲများကြောင့် ဒေသခံများမှာလည်း မျောက်များအား အစာရေစာဝယ်ယူ မကျွေးမွေးနိုင်ကြတော့ပေ။
“လူတွေကလည်း အရင်လို မကျွေးမွေးနိုင်တော့ဘူး။ ဒီကာလမှာ လူတိုင်းက အခက်အခဲကိုယ်စီနဲ့ဖြစ်နေတာ။ သစ်သီးဝံလံတွေဆိုရင်လည်း ဈေးတွေတအားကြီးနေတယ်။ အခုဆိုရင် မြေပဲတွေကိုပဲ ဝယ်ကျွေးတာ တွေ့ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် တိုက်ပွဲကာလနှင့် ကိုဗစ်ရောဂါဖြစ်ပွားမှုတို့ကြောင့်လည်း ကျောက်တော်တောင်ပေါ်က မျောက်များမှာ အစာရေစာပြတ်လပ်မှုနှင့်ကြုံတွေ့ခဲ့ရပြီး ကားလမ်းပေါ်တွင်အစာတောင်းစဉ် ကားတိုက်ခံရပြီး သေဆုံးသွားသည့် မျောက်များလည်းရှိကြောင်း သိရသည်။
https://www.facebook.com/photo/?fbid=889574616549469&set=pcb.889577229882541