သံတွဲ မောင်ရွှေလေး ရေတပ်စခန်း တိုက်ပွဲ ဆက်ပြင်းထန်နေဟု AA ပြော

By Irrwaddy / 2024 August      29

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေ တဖက်ကမ်းတွင်တည်ရှိသော မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

၎င်းက “မောင်ရွှေလေး ကွင်းဝိုင်း ရေတပ်စခန်းတဝိုက်ရယ်၊ ဒီဘက် ကျိန္တလီမြို့ပတ်ဝန်းကျင်မှာ အဲဒီဘက်တွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာရှိတယ်၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အဲဒီရေတပ်စခန်းတွေက တဆက်တည်းဗျ၊ ရခိုင်ပြည်နယ်အတွက် အဓိကကျတဲ့ ရေတပ်စခန်းတွေလို့ ပြောလို့ရတာပေါ့”ဟု ပြောသည်။

AA သည် သံတွဲမြို့နှင့် ငပလီ ကမ်းခြေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သပြုချိုင်ရှိ မောင်ရွှေလေးရေတပ်စခန်းကို ဇူလိုင်လ ၂၂ ရက်မှ စတင်တိုက်ခိုက်ကာ ယခုအခါ နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း AA နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက ” ရေတပ်စခန်းထဲက တချို့ နေရာတွေကိုတော့ AA က ဝင်ရောက်သွားပြီ။ စခန်း တခုလုံး မကျရင်တောင်မှ သိပ်မကျန်တော့ဘူး။ အဲဒီရေတပ်စခန်းပတ်ဝန်းကျင်နေရာတွေမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့အတွက် AA က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ပြောတယ် “ဟု ဧရာဝတီသို့ ပြောသည်။

မောင်ရွှေလေးရေတပ်စခန်း၌ ယခင်က ပြည်တွင်း ပြည်ပ ငါးဖမ်းသင်္ဘောများကို စစ်ဆေးခြင်းအပါအဝင် ပင်လယ်ပြင် ကင်းလှည့်နေသည့် စစ်ရေယာဉ် ၄ / ၅ စင်းကိုသာ တွေ့မြင်ရသော် လက်ရှိ စစ်ရေးကာလတွင် ပုသိမ်ဘက်မှ ခေါ်ယူထားသည့် စစ်သင်္ဘောများအပါအဝင် စစ်သင်္ဘော ၇ / ၈ စီးအထိ တွေ့မြင်ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရေတပ်စခန်း မကျစေရန် စစ်ကောင်စီက စစ်သင်္ဘော ၈ စီးဖြင့် စစ်ကူအင်အားများ ဖြည့်တင်းကာ ပင်လယ်ပြင်မှ လက်နက်ကြီးများ တောက်လျောက် ပစ်ခတ်၍ စစ်ကူပေးနေကြောင်း AA ပြန်ကြားရေးဌာနမှ ဩဂုတ်လ ၂၆ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းဖြင့် ပတ်ဝန်းကျင် ကျေးရွာများအား ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

https://www.facebook.com/theirrawaddyburmese/posts/926586206181234

Leave a Reply

Your email address will not be published.